ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်တောင်ပံတိုက်စစ်ကစားသမား လီရွိုင်းဆာနေးကတော့ မနေ့ညက လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်အတွင်း အသင်းရဲ့အရန်လူစာရင်းမှာ ပါဝင်လာခဲ့ပြီး ပထမပိုင်းမပြီးခါမှာပဲ ဒဏ်ရာရသွားခဲ့တဲ့ ကင်စလေကိုးမန်းရဲ့နေရာကို ဝင်ရောက်ကစားခဲ့ရပေမယ့် သူရဲ့ပွဲကစားချိန် မိနစ်(၃၀)အကျော်လေးမှာပဲ လူစားပြန်လဲခံခဲ့ရပြီး ဆာနေးကိုယ်တိုင်လည်း စိတ်ပျက်လက်ပျက်နဲ့ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာနေးဟာ ဒီနှစ်ဘောလုံးရာသီ အစပိုင်းကာလထဲကပဲ မန်စီးတီးကနေ ဘိုင်ယန်မြူးနစ်ဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ဒဏ်ရာပြသာနာတွေကြောင့် အသင်းရဲ့ ပွဲစဉ်တချို့ကို လွဲချော်ထားခဲ့ရကာ အောက်တိုဘာလနှောင်းပိုင်းကတည်းက အသင်းအတွက် မိနစ်(၉၀)နီးပါး ပါဝင်ကစားခဲ့ရတဲ့ ပွဲကလည်း (၃)ပွဲလောက်ပဲ ရှိခဲ့ရပါတယ်။ အခုုလည်း ဆာနေးဟာ အသင်းအတွက် လူစားဝင်ကစားပေးပြီး နာရီဝက်လောက်အကြာမှာပဲ ပြန်လည်လူစားလဲခံခဲ့ရပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်ဟာ လေဗာကူဆင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ အမှတ်ပေးပွဲစဉ်မှာ အသင်းရဲ့ပြင်သစ်တောင်ပံကစားသမားကိုးမန်း ဒဏ်ရာရသွားခဲ့တာကြောင့် (၃၂)မိနစ်မှာပဲ ဆာနေးနဲ့ လူစားလဲခဲ့ပြီး ဆာနေးကိုလည်း (၆၈)မိနစ်အရောက်မှာ လူငယ်ကစားသမားလေး မြူရှလာနဲ့ ပြန်လည်လူစားလဲခဲ့ပါတယ်။ ဒီလိုလူစားလဲမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ကြားမှာ ထင်ကြေးပေးမှုတွေက အမျိုးမျိုး ရှိနေကြပေမယ့်လည်း ဘိုင်ယန်နည်းပြဟန်ဆီဖလစ်ကတော့ သူမှာ တခြားရွေးချယ်မှုတွေ မရှိတော့တဲ့အတွက် ခက်ခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ရတာဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ ဖလစ်က “ဒါဟာ အပြစ်ပေးမှုတစ်ခုတော့ မဟုတ်ပါဘူး။ ကျွန်တော်အနေနဲ့ လူစားလဲမှုတစ်ခုကို လုပ်ဆောင်ရပါတော့မယ်။ မူလာ နာဘရီ ဆာနေးတို့ထဲက တစ်ယောက်ယောက်ကို လူစားလဲဖို့ ရွေးချယ်ရမှာပါ။ မူလာက ကျွန်တော်တို့အသင်းရဲ့ စနစ်တစ်ခုလုံးအတွက် မရှိမဖြစ်ပုံစံမျိုး ဖြစ်နေတယ်။ နာဘရီကလည်း ဒုတိယပိုင်း ပွဲကစားချိန်ထဲမှာ အရမ်းကောင်းနေတယ်။ ဒါကြောင့် ဆာနေးကိုပဲ ထပ်ပြီးလူစားလဲဖို့ ဆုံးဖြတ်လိုက်ရတာပါ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့အသင်းက နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ဆာနေးကိုလည်း ကျွန်တော်တို့ဘက်ကနေ ဖြစ်နိုင်သမျှ နည်းလမ်းအမျိုးမျိုးနဲ့ ထောက်ပံ့နေမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်ကတော့ ဒီနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ပြန်လည်တတ်လှမ်းလာနိုင်ခဲ့ပါတယ်။