ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်ရာသီမှာလည်း အသင်းကို ကစားသမား အင်အားပြည့်ဝနေဖို့အတွက် မန်စီးတီးအသင်းရဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်းဆာနေးကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့အပြင် အခုလည်း ပီအက်စ်ဂျီအသင်းရဲ့ ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်လေးဖြစ်တဲ့ တွန်ဂူကိုအာစီကိုပါ (၄)နှစ်စာချုပ်နဲ့ ထပ်မံခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘိုင်ယန်အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

အသက်(၁၉)နှစ်သာရှိသေးတဲ့ ပြင်သစ်လူငယ်နောက်ခံကစားသမားလေး ကိုအာစီဟာ ပီအက်စ်ဂျီအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ကစားသမားလေးတစ်ယောက်ဖြစ်ကာ အသင်းနဲ့ ၂၀၁၉ခုနှစ် ဒီဇင်ဘာလမှာ ပီအက်စ်ဂျီစီနီယာအသင်းနဲ့ စတင်ပွဲဦးထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဗဟိုနောက်ခံကစားသမား ကိုအာစီဟာ Reims အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း သူရဲ့စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီး အဲ့ဒီဂိုးကို ပီအက်စ်ဂျီအသင်း သမိုင်းတလျှောက် ဂိုးပေါင်း(၄၀၀၀)ပြည့်မြောက်ခဲ့တဲ့ အမှတ်တရသွင်းဂိုးဖြစ်စေခဲ့ရပါတယ်။

ကိုအာစီဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းကြီးအတွက် ပြိုင်ပွဲစုံ(၁၃)ပွဲအထိ ပါဝင်ကစားခဲ့ရကာ ပြင်သစ်လီဂူးချန်ပီယံကို ဆွတ်ခူးခဲ့ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဆီ အလွတ်ပြောင်းရွှေ့နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီက သူတို့ရဲ့ကြယ်ပွင့်လေးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ကစားသမားဘက်က လက်မခံခဲ့ပဲ အသင်းနဲ့လမ်းခွဲဖို့ကိုသာ ရွေးချယ်သွားခဲ့သလို သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ ဂျာမန်အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ လာမယ့်စျေးကွက်အတွင်း အသင်းရဲ့ဝါရင့်ခံစစ်ကစားသမားကြီး ဂျရုန်းဘိုတန်ကို အသင်းကနေ လက်လွတ်သွားဖွယ်ရှိတာကြောင့် သူရဲ့နေရာမှာ အစားထိုးနိုင်အောင် အခုလို ဆယ်ကျော်သက်ကြယ်ပွင့်လေး ကိုအာစီကို ခေါ်ယူခဲ့တာဖြစ်သလို သူတို့အသင်းရဲ့ကာလရှည်ပစ်မှတ်ဖြစ်တဲ့ ဂျာမန်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဆာနေးကိုလည်း လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အပြီးသတ်ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။