ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက လတ်တလောမှာ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖွယ်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ထိပ်တန်းကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူသွားဖို့အတွက် ကြိုးပမ်းမှာ မဟုတ်ဘူးလို့ ဘိုင်ယန်အသင်း ဒါရိုက်တာ အိုလီဗာခန်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Ronaldo wants to leave Man Utd this summer

Photo Credit : The Sun

ဒီနှစ်ရဲ့ နွေဈေးကွက်ထဲမှာ ယူနိုက်တက်ကနေ ထွက်ခွာချင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့တဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိမှာလည်း အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို (၃)ရက်ဆက်တိုက်အထိ ပျက်ကွယ်နေခဲ့တာကြောင့် ရော်နယ်လ်ဒိုအနေနဲ့ ယူနိုက်တက်အသင်းကနေ ဒုတိယအကြိမ် ထွက်သွားဖို့က သေချာလောက်နီးနီး ဖြစ်လာခဲ့ရပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်နေတဲ့ ရော်နယ်လ်ဒိုဟာ ချယ်လ်ဆီး ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဘိုင်ယန်က ရော်နယ်လ်ဒိုကို ရရှိဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေရပေမယ့်လည်း ဘိုင်ယန်ဘက်ကတော့ ရော်နယ်လ်ဒိုကို ခေါ်ယူမှာ မဟုတ်ဘူးလို့ ဘိုင်ယန်ဒါရိုက်တာ အိုလီဗာခန်းက ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

Bundesliga: Oliver Kahn reveals plans at Bayern Munich unveiling | Sports | German football and major international sports news | DW | 07.01.2020

Photo Credit : DW

ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး အိုလီဗာခန်းက “ခရစ္စတီယာနိုရော်နယ်လ်ဒိုကို အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် လေးစားမိသလောက် သူရဲ့ အပြောင်းအရွှေ့က ကျွန်တော်တို့အသင်းရဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ကိုက်ညီမှာ မဟုတ်ပါဘူး” လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး လိုသာမာသီးယက်စ်ကတော့ ဘိုင်ယန်အနေနဲ့ ရော်နယ်လ်ဒိုကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းထားပြီး အသင်းကနေ ထွက်ခွာချင်နေတဲ့ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးနေရာမှာ ရော်နယ်လ်ဒိုနဲ့ ပြန်လည် အစားထိုးမယ်ဆိုရင် အကောင်းဆုံး ဖြစ်လိမ့်မယ်လို့ မှတ်ချက်ပြုထားခဲ့ပါတယ်။ ရော်နယ်လ်ဒိုကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးလည်း ပါဝင်နေပေမယ့် ချယ်လ်ဆီးပိုင်ရှင်သစ် တော့ဒ်ဘိုလေကသာ ရော်နယ်လ်ဒိုကို လိုချင်နေတာ ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်ကတော့ ရော်နယ်လ်ဒိုထက် ရာဟင်စတာလင်ကိုသာ အလိုရှိနေပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်လ်ဒိုက ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ပါဝင်နိုင်ခြေမရှိပဲ အသင်းကနေ ထွက်ခွာရဖို့ကိုသာ ဆောင်ရွှက်နေပြီး အေးဂျင့်ဂျော့မန်ဒက်စ်ကလည်း ရော်နယ်လ်ဒို အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့အတွက် အသင်းများစွာနဲ့ ချိတ်ဆက်လျက် ရှိနေပါတယ်။