MySport Myanmar

အထောင် တိုက်စစ်နေရာအတွက် ကိန်းကိုပဲ ခေါ်ယူသွားချင်နေတဲ့ ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် နွေဈေးကွက်အတွင်းမှာ တိုက်စစ်ပိုင်းအတွက် အထောင် တိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူသွားချင်တာကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းကို ချဉ်းကပ်ဖို့ ကြိုးပမ်းလာဖွယ် ရှိနိုင်တယ်လို့ သိရှိရပါတယ်။

Photo Credit : Football London

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ကိန်းဟာ လာမယ့် ၂၀၂၄ခုနှစ် ဇွန်လမှာပဲ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး တကယ်လို့ စပါးဘက်ကသာ ကိန်းကို သက်တမ်းမတိုးနိုင်ခဲ့ရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရနိုင်တာမို့ စပါးအနေနဲ့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို လာမယ့်နွေမှာပဲ ရောင်းထုတ်ရဖွယ် ရှိနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကိန်းကို မန်ယူနိုက်တက်က ပစ်မှတ်ထားလာခဲ့ပေမယ့် စပါးဘက်ကတော့ ကိန်းကို စာချုပ်သစ် ချုပ်ဆိုဖို့သာ ကြိုးပမ်းနေပြီး တကယ်လို့ ရောင်းထုတ်ဖို့ လိုအပ်လာမယ်ဆိုရင်လည်း ပရီးမီးယားလိဂ် ပြိုင်ဘက်အသင်းတွေထက် ပြည်ပ ကလပ်အသင်းတွေဆီသာ ရောင်းချသွားနိုင်ပါတယ်။

Photo Credit : The Guardian

ဒီအချိန်မှာ ဘိုင်ယန်က ကိန်းကို ခေါ်ယူသွားဖို့ ကြိုးပမ်းသွားဖို့ ရှိနေပြီး လတ်တလောမှာလည်း အသင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ရန်ပွဲမှာ ဆာနေးကို လက်သီးနဲ့ ထိုးခဲ့တဲ့ မာနေးကို အသင်းကနေ ရှင်းထုတ်သွားဖို့ပါ အစီအစဉ် ရှိနေတဲ့အတွက် မာနေးနေရာမှာ ကိန်းနဲ့ ပြန်အစားထိုးဖွယ် ရှိနေပါတယ်။ ကိန်းက number (9) role မှာ အကောင်းဆုံး ပါဝင်ကစားနိုင်သူ ဖြစ်သလို လီဝန်ဒေါစကီးလို ကမ္ဘာ့အဆင့် အထောင် တိုက်စစ်မှူးတစ်ဦးကို လက်လွတ်ထားရတဲ့ ဘိုင်ယန်အသင်းအတွက် ကိန်းက လီဝန်ဒေါစကီးနေရာမှာ သေချာပေါက် အစားထိုး ဝင်ရောက်ပေးနိုင်မှာလည်း သေချာနေပါတယ်။

Photo Credit : Bavarian Football Works

ဒါပေမယ့် ကိန်းအနေနဲ့ လတ်တလော အခြေအနေတွေအရ စပါးအသင်းကို စွန့်ခွာနိုင်ပါ့မလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။ ကိန်းက အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတလျှောက် ဂိုးသွင်းအများဆုံး စံချိန်ကို အမီလိုက်နိုင်ဖို့ (၅၄)ဂိုးပဲ ကျန်ရှိနေတော့သလို စပါးအသင်းကလည်း လာမယ့်ရာသီမှာ နည်းပြသစ်တစ်ဦးနဲ့ လက်တွဲတဲ့အခါ ကိန်းရဲ့ အနာဂတ်ပေါ်မှာပါ မူတည်လာနိုင်ပါသေးတယ်။ ဒါ့အပြင် ဘိုင်ယန်က ဟာရီကိန်းအတွက် စပါးအသင်းဘက်က သတ်မှတ်ထားတဲ့ တန်ကြေးမျိုးအတိုင်း ကမ်းလှမ်းဖို့ထက် ပြောင်းရွှေ့ကြေးကို လျှော့ပေးဖို့သာ တောင်းဆိုလာနိုင်လို့ ကိန်းက ဘိုင်ယန်ကို ရောက်ရှိဖို့ ဆိုတာကလည်း ဖြစ်နိုင်ခြေ နည်းပါးတယ်လို့ပဲ ယူဆနိုင်ပါတယ်။

Exit mobile version