ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ပြင်သစ် တောင်ပံကစားသမား ကိုးမန်းရဲ့နေရာ အတွက် အစားထိုးမှု အဖြစ် ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် အူစမာနီ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တောင်ပံကစားသမား ကိုးမန်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က စာချုပ်သစ် ကမ်းလှမ်းမှုတွေ ဆက်တိုက် ဆိုသလို ပြုလုပ်နေပေမယ့် ကိုးမန်းကတော့ သူလိုချင်တဲ့ လုပ်ခလစာ ပမာဏ မရရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ဘိုင်ယန်မြူးနစ်အသင်းက ကိုးမန်းကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာပဲ ရောင်းချဖို့ စဉ်းစားနေပြီး ကိုးမန်းကို ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ရောင်းချဖို့ ဆုံးဖြတ်ထားကာ ကိုးမန်းရဲ့နေရာ အတွက် ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဒမ်ဘီလီကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမား တဦး ဖြစ်ပြီး ဘာစီလိုနာအသင်းက သူ့ကို စာချုပ်သစ် ကမ်းလှမ်းမှုတွေ ပြုလုပ်ထားပေမယ့် ဒမ်ဘီလီဘက်က စာချုပ်သစ်မှာ လုပ်ခလစာ လျှော့ယူရမယ့် အခြေအနေကြောင့် အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

Photo Credit: Metro

နာမည်ကျော် ဂျာမန် အားကစား သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ် အသင်းရဲ့ တာဝန်ရှိသူ တချို့ဟာ ဒေါ့မွန်အသင်းမှာ ကစားခဲ့ဖူးတဲ့ ဒမ်ဘီလီကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားကာ လာမယ့် ဇန်နဝါရီလ အစမှာပဲ ဒမ်ဘီလီရဲ့ အေးဂျင့်နဲ့ တရားဝင် တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေကြောင်း သိရှိရပါတယ်။