ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေမှာ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားတော့မယ့် ဆီနီဂေါတိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ခေါ်ယူနိုင်ဖို့အတွက် ကနဦး ကမ်းလှမ်းချက်အဖြစ် ပေါင်(၂၁)သန်း+အပိုဆုကြေး ပေါင်(၄.၆)သန်းနဲ့ ကမ်းလှမ်းထားခဲ့ပေမယ့် လီဗာပူးလ်ဘက်က ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့လို့ ဒုတိယအကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း(၃၀)နဲ့ ထပ်မံကမ်းလှမ်းသွားဖို့ ပြသ်ဆင်နေပြီလို့ သိရှိရပါတယ်။

Sadio Mane is set to leave Anfield this summer with Bayern Munich leading the race to sign him

Photo Credit : Daily Mail

ဆီနီဂေါလက်ရွေးစင် တိုက်စစ်ကစားသမား မာနေးဟာ လက်ရှိမှာ လီဗာပူးလ်အသင်းနဲ့ တစ်နှစ်သာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး အသင်းဘက်ကလည်း သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့်လည်း မာနေးကတော့ အသင်းနဲ့ လက်တွဲဖြုတ်သွားချင်နေသလို သူ့ကိုလည်း ဘိုင်ယန်မြူးနစ်အသင်းက အရခေါ်ယူချင်နေပါတယ်။ ဘိုင်ယန်ဘက်က မာနေးအတွက် အပိုဆုကြေး အပါအဝင် ပေါင်(၂၅)သန်းနဲ့ စတင်ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း လီဗာပူးလ်ဘက်က ဒီကမ်းလှမ်းမှုကို လက်မခံနိုင်ပဲ ပယ်ချခဲ့တာကြောင့် ဘိုင်ယန်အနေနဲ့ နောက်ထပ် ကမ်းလှမ်းမှုကို ထပ်မံပြုလုပ်သွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။

Mane told the press that he would leave Liverpool if the Senegalese people wanted him to

Photo Credit : Daily Mail

အသက်(၃၀)အရွှယ် ဆောက်သမ်တန် ကစားသမားဟောင်း မာနေးဟာ ၂၀၁၆ခုနှစ်ကတည်းက လီဗာပူးလ်အသင်းဆီကို ရောက်ရှိနေသူဖြစ်ပြီး လီဗာပူးလ်ရဲ့ တကယ့် အမာခံ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ အသင်းကနေ လက်လွတ်မခံနိုင်ပဲ ပေါင်(၄၂.၅)သန်းလောက် ရရှိမှသာ ရောင်းချဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဘိုင်ယန်ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာလည်း ထပ်မံပယ်ချခံရဖို့သာ ရှိနေတာကြောင့် ဘိုင်ယန်ဘက်က မာနေးအတွက် ပေါင်သန်း(၃၀)အပြင် အပိုုဆုကြေးတွေကိုလည်း များစွာထည့်သွင်း ကမ်းလှမ်းရဖွယ် ရှိနိုင်ပါတယ်။ လီဗာပူးလ်ကတော့ မာနေးကို လက်လွတ်လိုက်ရမယ်ဆိုရင် သူ့နေရာမှာအ အစားထိုးဖို့အတွက် ဘင်ဖီကာအသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင်နူးနက်ဇ်ကို အလိုရှိနေပြီး ဘင်ဖီကာဘက်ကသာ နူးနက်ဇ်အတွက် ပြောင်းရွှေ့ကြေး အဆမတန် သတ်မှတ်ထားမယ်ဆိုရင်တော့ လီဗာပူးလ်အနေနဲ့ နူးနက်ဇ်ကို ခေါ်ယူဖို့ လက်လျှော့ရဖွယ်လည်း ရှိနေပါတယ်။