ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းကတည်းက အသင်းလက်မဲ့ဖြစ်နေရတဲ့ ဝါရင့်ဥရုဂွေး တိုက်စစ်ကစားသမားကြီး အက်ဒီဆန်ကာဗာနီဟာ လတ်တလောမှာတော့ ပေါ်တူဂီထိပ်သီးအသင်းဖြစ်တဲ့ ဘင်ဖီကာနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ပြင်သစ်ကနေ ထွက်ပေါ်လာတဲ့ Update သတင်းတွေအရ အခုနောက်ပိုင်းမှာတော့ ကာဗာနီကို ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်တစားရှိနေခဲ့ပြီး အေးဂျင့်နဲ့ပါ ဆွေးနွွေးမှုတွေ ပြုလုပ်နေပြီလုုိ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Inkl

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် တိုက်စစ်ကစားသမား ကာဗာနီဟာ (၇)နှစ်တာလောက် ပါဝင်ကစားပေးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီးနောက်မှာ နောက်ထပ်အသင်းသစ်တစ်သင်းကို ဆက်လက်ပြောင်းရွှေ့ကစားဖို့ ရွေးချယ်နေဆဲဖြစ်ပြီး အသင်းတော်တော်များများနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ လတ်တလောမှာတော့ ကာဗာနီဟာ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ကစားဖို့ နီးစပ်နေပြီဆိုပြီး သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ဘင်ဖီကာနဲ့ မပူးပေါင်းခင်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းက ကာဗာနီကို ကြားဖြတ်ခေါ်ယူသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : IndoSport

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့တိုက်စစ်မှာ လီဝန်ဒေါစကီးလို တိုက်စစ်မှူးကောင်းတစ်ယောက် ရှိနေပေမယ့်လည်း လာမယ့်ရာသီမှာ ပွဲဆက်တွေအရမ်းများလို့ လီဝန်ဒေါစကီးတစ်ယောက်တည်း ပွဲပန်းမှုဒဏ်တွေ ခံစားလာတဲ့အခါ အရန်သင့်တိုက်စစ်ကစားသမားနဲ့ အစားထိုးနိုင်ဖို့အတွက် ကာဗာနီကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ကာဗာနီဟာ တစ်ပတ်လုပ်ခ ပေါင်(၂)သိန်းလောက်အထိကို အလိုရှိနေတာဖြစ်လို့ ဒီပမာဏက သူ့ကိုခေါ်ယူချင်နေတဲ့ ဘင်ဖီကာနဲ့ လိဒ်စ်ယူနိုက်တက်အသင်းတို့အတွက် အခက်အခဲဖြစ်နေနိုင်ပေမယ့် ဘိုင်ယန်မြူးနစ်အသင်းအတွက်ကတော့ အဆင်ပြေနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ကာဗာနီအနေနဲ့ ဘိုင်ယန်ကိုသာ ရွေးချယ်ခဲ့မယ်ဆိုရင်တော့ လီဝန်ဒေါစကီးရဲ့နောက် ဒုတိယဦးစားပေးအနေနဲ့သာ ကစားရမှာဖြစ်တာကြောင့်မို့ ဘိုင်ယန်ရဲ့ကမ်းလှမ်းချက်ကို ပယ်ချဖွယ်ရှိလာနိုင်ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း(၃၀၁)ပွဲအထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၂၀၀)ကျော် သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးကြီးကာဗာနီကို ကလပ်အသင်းပေါင်းများစွာကနေ ခေါ်ယူချင်နေပြီး သိပ်မကြာခင်မှာပဲ သူရဲ့အသင်းသစ်ကို ရွေးချယ်သွားဖွယ် ရှိနေတာကြောင့် ဘယ်အသင်းကို ရောက်ရှိသွားမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။