MySport Myanmar

ဘိုင်ယန်က လီဝန်နေရာမှာ ရော်နယ်လ်ဒိုနဲ့ပါ အစားထိုးချင်နေတယ်လို့ သတင်းထွက်ပေါ်နေ

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ key player ဖြစ်သူ ရောဘတ်လီဝန်ဒေါစကီးကို အသင်းကနေ လုံးဝ လက်မလွတ်သွားချင်ပေမယ့်လည်း တကယ်လို့သာ လီဝန်ဒေါစကီးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် သူရဲ့နေရာမှာ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ပါ အစားထိုးချင်နေတယ်လို့ စပိန်နာမည်ကျော် သတင်းမီဒီယာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဘိုင်ယန်မြူးနစ်အသင်းဟာ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ လီဝန်ဒေါစကီးကို အနည်ဆုံး သူရဲ့လက်ရှိစာချုပ်သက်တမ်း ကျန်ရှိနေမယ့် ၂၀၂၃ခုနှစ်အထိ အသင်းမှာသာ ဆက်လက်ထားရှိချင်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ ဒီနှစ်နွေမှာပဲ အသင်းကနေ ထွက်ခွာချင်နေသလို သူ့ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအသင်းဆီကိုပါ ပြောင်းရွှေ့ချင်နေပါတယ်။ ဒီလို အခြေအနေမှာ ဘိုင်ယန်ဘက်က လီဝန်ဒေါစကီးကို ဆက်လက် မထိန်းသိမ်းထားနိုင်ခဲ့ရင် သူ့နေရာမှာ အစားထိုးဖို့အတွက် GOAT ကြီး တစ်ဦးဖြစ်သူ ခရစ္စတီယာနိုရော်နယ်လ်ဒိုကိုပါ ပစ်မှတ်ထားလာနိုင်တယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Eurosport

အသက်(၃၇)နှစ်အရွယ်ရှိ ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ လက်ရှိမှာ သူရဲ့ကလပ်အသင်း မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ဖြတ်သန်းသွားဖို့ အဆင့်သင့် ရှိနေပေမယ့်လည်း အသင်းလည်း လက်ရှိအချိန်ထိ ကစားသမားသစ် ခေါ်ယူအားဖြည့်နိုင်မှု မရှိသေးပဲအပေါ် စိတ်ပျက်လို့နေရပြီး ရုတ်တရက် အသင်းနဲ့ လမ်းခွဲသွားနိုင်ဖွယ် ရှိနေတယ်လို့ အားကစားမီဒီယာတချို့မှာ ဖော်ပြလို့နေပါတယ်။ မနှစ်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့သူ ရော်နယ်လ်ဒိုဟာ သူရဲ့ တကျော့ပြန် ရာသီအစမှာ ပြိုင်ပွဲစုံ စုစုပေါင်းသွင်းဂိုး (၂၄)ဂိုးအထိကို သွင်းယူပေးခဲ့ပေမယ့်လည်း အသင်းက ဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့ခဲ့ရတဲ့အပြင် ပရီးမီယားလိဂ်မှာလည်း အဆင့်(၆)သာ ရရှိခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ထားခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့တောင်မှ အသင်းနဲ့အတူ ရှေ့ဆက်ချင်သေးတဲ့ ရော်နယ်လ်ဒိုဟာ အသင်းရဲ့ လတ်တလော ကစားသမားသစ် မခေါ်ယူနိုင်သေးမှု အပေါ်မှာတော့ စိတ်ပျက်လွန်းနေပြီး သူရဲ့ အနာဂတ်ကိုပါ အပြောင်းအလဲ လုပ်လာဖွယ် ရှိနေရာ ဘိုင်ယန်ဘက်ကလည်း ရော်နယ်လ်ဒိုရဲ့ အခြေအနေတွေကို စောင့်ကြည့်လို့လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်ဟာ လီဗာပူးလ်အသင်းရဲ့ ထိပ်တန်းကစားသမား ဆာဒီယိုမာနေးကိုတော့ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ခေါ်ယူအားဖြည့်ထားနိုင်ပါတယ်။

Exit mobile version