MySport Myanmar

ဒမ်ဘီလီကို ခေါ်ယူသွားဖို့ ဆက်သွယ်မှုတွေ လုပ်ဆောင်လာခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဂျာမန် ဘွန်ဒစ်လီဂါ ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲတော့မယ့် တိုက်စစ်ကစားသမားကြီး လီဝန်ဒေါစကီးရဲ့ နေရာအတွက် ဘာစီလိုနာအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီနဲ့ ပြန်လည်အစားထိုးသွားဖို့ စိတ်ဝင်စားနေတယ်လို့ Sky Sports အားကစားမီဒီယာက ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

အသက်(၃၃)နှစ်အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ စာချုပ်တစ်နှစ် ကျန်ရှိနေသေးပေမယ့်လည်း နွေစျေးကွက် ဖွင့်လှစ်ချိန်မှာပဲ သူ့ကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနေတာကြောင့် ဘိုင်ယန်ဘက်က လီဝန်ဒေါစကီး နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် တိုက်စစ်ကစားသမားတစ်ဦးကို အသည်းအသန် ရှာဖွေလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဘိုင်ယန်ဟာ ဘွန်ဒစ်လီဂါမှာပါ ကျင်လည်ခဲ့ဖူးပြီး လက်ရှိလည်း ဘာစီလိုနာအသင်းမှာ ပါဝင်ကစားနေတဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ ဗြိတိန်နာမည်ကျော် သတင်းမီဒီယာကြီး Sky Sports ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Barca Blaurgranes

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဒမ်ဘီလီဟာ ဒေါ့မွန်အသင်းနဲ့အတူ ဘွန်ဒစ်လီဂါမှာ (၁)ရာသီကြာ ဖြတ်သန်းခဲ့ဖူးသူဖြစ်ပြီး ဘွန်ဒစ်လီဂါ သွင်းဂိုးလည်း (၆)ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်မှာ ဒေါ့မွန်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဒမ်ဘီလီဟာ လက်ရှိမှာတော့ သူရဲ့စာချုပ်သက်တမ်းက ကုန်ုဆုံးသွားဖို့ လပိုင်းလောက်သာ ကျန်ရှိနေတော့ပြီး ဘာစီလိုနာဘက်က ဒမ်ဘီလီကို စာချုပ်သက်တမ်း တိုးမြှင့်သွားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က သူရဲ့အနာဂတ်အတွက် ရေရာသေချာတဲ့ အဖြေတစ်ခုကို မချမှတ်ရသေးပဲ အခုရာသီအကုန်မှသာ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ဒမ်ဘီလီကို ကလပ်အသင်းများစွာက စိတ်ဝင်စားလို့နေပြီး ဘိုင်ယန် အပါအဝင် ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက် အာဆင်နယ် ပီအက်စ်ဂျီ ဂျုဗင်တပ်စ်အသင်းတွေကလည်း ဒမ်ဘီလီရဲ့ အခြေအနေကို စောင့်ကြည့်နေပါတယ်။

Exit mobile version