လက်ရှိမှာ ကျင်းပလျက်ရှိနေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြသလျက်ရှိနေတဲ့ ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကနေ ပြန်လည်ခေါ်ယူသွားဖို့အထိပါ စိတ်ဝင်စားလျက်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့သလို ဆန်းချက်စ်ကို လိုင်လီအသင်းဆီ ရောင်းချခဲ့စဉ်တုန်းက ပေါင်(၂၅)သန်းနဲ့ ပြန်လည်ခေါ်ယူခွင့်ပါ ထည့်သွင်းထားခဲ့တာကြောင့် ဘိုင်ယန်တို့ သူတို့ကစားသမားဟောင်းကို ပြန်လည်ခေါ်ယူခြေ ရှိနေပါတယ်။

Photo Credit : Bundesliga

အသက်(၂၃)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ လက်ရှိ ကျင်းပလို့နေတဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်လျက်ရှိနေတာကြောင့် သူရဲ့အသင်းဟောင်း ဘိုင်ယန်ကပါ ဆန်းချက်စ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။ ဆန်းချက်စ်ဟာ ပေါ်တူဂီအသင်း ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ၂၀၁၆ခုနှစ်မှာပဲ ဘင်ဖီကာအသင်းကနေ ဘိုင်ယန်မြူးနစ်ဆီကို ပေါင်(၆၈)သန်းနဲ့ ရောက်ရှိလာခဲ့ရတာဖြစ်ပေမယ့် ဘိုင်ယန်မှာ ပွဲထွက်ခွင့်တွေ မရရှိခဲ့တာကြောင့် ဆွမ်ဆီးအသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့သလို ၂၀၁၉ခုနှစ်မှာတော့ လိုင်လီအသင်းဆီကိုပါ အပြီးသတ်ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : The Atheltic

ဆန်းချက်စ်ဟာ လိုင်လီအသင်းမှာတော့ သူရဲ့အကောင်းဆုံး ခြေစွမ်းတွေကို ပြန်လည်ပြသနိုင်ခဲ့သလို ပြီးခဲ့တဲ့ဘောလုံးရာသီမှာဆိုရင်လည်း အသင်းနဲ့အတူ လီဂူးချန်ပီယံပါ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာလည်း ဆန်းချက်စ်ဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ပါဝင်ဆင်နွဲနေပြီး အသင်းအတွက် ပါဝင်ကစားခွင့်ရတိုင်းမှာ ခြေစွမ်းပြသနေလို့ သူ့ကို ဘိုင်ယန်ကနေ ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ဆန်းချက်စ်ကို လိုင်လီအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၂၁)သန်းနဲ့ ရောင်းချခဲ့စဉ်တုန်းက ပေါင်(၂၅)သန်းဝန်းကျင်နဲ့ ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းထားခဲ့တာကြောင့် နွေစျေးကွက်အတွင်းမှာပဲ သူတို့ကစားသမားဟောင်းကို ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ရီနာတိုဆန်းချက်စ်ကို အသင်းဟောင်း ဘိုင်ယန်သာမကပဲ လီဗာပူးလ်အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာကနေ စိတ်ဝင်စားလျက်ရှိနေတာကြောင့် ဘိုင်ယန်တို့ ခက်ခက်ခဲခဲ ကမ်းလှမ်းရနိုင်ပြီး လိုင်လီအသင်းအနေနဲ့လည်း သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲနိုင်ပါတယ်။