ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိမှာ ဒူးဒဏ်ရာခံစားနေရတဲ့ တောင်ပံကစားသမား လီရွိုင်းဆာနေးရဲ့နေရာမှာ ရေတိုအစားထိုးသွားဖို့အတွက် အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား သောမတ်စ်လီမာကို အငှားနဲ့ခေါ်ယူသွားချင်နေပေမယ့် အသက်လက်တီကိုဘက်ကတော့ သူတို့ကစားသမားကို အငှားချခြင်းထက် အပြီးသတ်သာ ရောင်းချချင်နေသလို အငှားချမယ်ဆိုရင်လည်း အငှားသက်တမ်း ကုန်ဆုံးချိန်မှာ အပြီးသတ်ဝယ်ယူမယ့် အချက်အလက်ကို ထည့်သွင်းစေချင်တာကြောင့် လီမာကို ခေါ်ယူဖို့တို့ ဘိုင်ယန်ဘက်က ပိုမိုခက်ခဲလာနိုင်ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ပြင်သစ်တောင်ပံကစားသမား လီမာဟာ ၂၀၁ရခုနှစ်ကမှ မိုနာကိုအသင်းကနေ အသက်လက်တီကိုအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေတာဖြစ်လို့ အသက်လက်တီကိုဘက်ကနေ ဒီနွေစျေးကွက်အတွင်းမှာပဲ အပြီးသတ်ရောင်းချသွားချင်နေတာဖြစ်ပါတယ်။ လီမာကို ဥရောပကလပ်အသင်းများစွာကနေ ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီအသင်းတွေထဲမှာလည်း ဘိုင်ယန်လည်း ပါဝင်လာခဲ့ကာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကစားသမားသစ် ဆာနေးရဲ့နေရာအတွက် ယာယီအစားထိုးသွားချင်နေတာဖြစ်ပါတယ်။

Photo Credit : Sports Blid

ဒါပေမယ့် ဘိုင်ယန်က လီမာကို ရေတိုစီမံကိန်းအရသာ လိုအပ်တာဖြစ်လို့ တစ်ရာသီအငှားစာချုပ်နဲ့သာ ကမ်းလှမ်းချင်တာဖြစ်ပြီး အငှားစာချုပ်ထဲမှာလည်း အပြီးသတ်ခေါ်ယူနိုင်ခွင့်ဆိုတာကို ထည့်သွင်းသွားဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။ ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဝါရင့်တောင်ပံကစားသမားတစ်ယောက်ဖြစ်တဲ့ အိုင်ဗန်ပါရီဆစ်ကိုလည်း အင်တာမီလန်အသင်းကနေ အငှားနဲ့ခေါ်ယူခဲ့ပြီး ပါရီဆစ်က အသင်းအတွက် ခြေစွမ်းပြနိုင်ပေမယ့်လည်း အသင်းဘက်က ရေရှည်စီမံကိန်းကိုသာ စဉ်းစားထားတာဖြစ်သလို ဆာနေးကိုလည်း ခေါ်ယူထားတာဖြစ်လို့ ပါရီဆစ်ကို အပြီးသတ်မခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိမှာလည်း ဆာနေးက ဒဏ်ရာကြောင့် ရက်ပိုင်းများစွာ အနားယူရမှာမဟုတ်လို့ သူရဲ့နေရာအတွက် ယာယီသဘောမျိုးနဲ့သာ အစားထိုးချင်နေတာဖြစ်ကာ ဆာနေးဒဏ်ရာကနေ သက်သာလာမယ်ဆိုရင်တော့ လီမာကို အရန်ကစားသမားအနေနဲ့သာ ဆက်လက်အသုံးပြုဖွယ် ရှိနေပါတယ်။ ဘိုင်ယန်ဟာ လတ်တလောမှာ တောင်ပံတိုက်စစ်နေရာအတွက် သူတို့ရဲ့ပစ်မှတ်ဟောင်းဖြစ်တဲ့ ချယ်လ်ဆီးကစားသမား အိုဒွိုင်းကိုလည်း တစ်ရာသီအငှားနဲ့ ခေါ်ယူချင်နေပြီး ကစားသမားကလည်း ဘိုင်ယန်ကို ပြောင်းရွှေ့ချင်နေပါတယ်။