ဒီနှစ် ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် နောက်ခံကစားသမား ခရစ္စတန်ဆန်ကို ဘာစီလိုနာအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ချိန်ရွှယ်ထားခဲ့ပေမယ့်လည်း ခရစ္စတန်ဆန်ကို ဘာစီလိုနာအသင်းနဲ့အပြိုင် ဘိုင်ယန်မြူးနစ်အသင်းကပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိလို့နေတယ်လို့ သိရှိရပါတယ်။

Photo Credit : ESPN

အသက်(၂၅)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ခရစ္စတန်ဆန်ဟာ ၂၀၁၂ခုနှစ်ကတည်းက ချယ်လ်ဆီး လူငယ်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာပဲ စီနီယာအသင်းအတွက် ပထမဆုံး ပါဝင်ကစားခွင့် ရရှိခဲ့ပါတယ်။ ၂၀၁၅ခုနှစ်ကနေ နောက်ထပ်(၂)နှစ်အကြာထိ မိုချန်ဂလာဘတ်မှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ ခရစ္စတန်ဆန်ဟာ လက်ရှိမှာတော့ ချယ်လ်ဆီးရဲ့ အဓိက နောက်ခံလူတစ်ဦး ဖြစ်လာခဲ့ပေမယ့်လည်း သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်သလို သူကိုယ်တိုင်ကလည်း အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ဒီကစားသမားကို ဥရောပ ကလပ်အသင်းတွေကနေ ဆက်သွယ်လာခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : Bavarian Football Works

လာမယ့် နွေစျေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းအပြောင်းအလဲ လုပ်ဆောင်လို့ရမယ့် ခရစ္စတန်ဆန်ကို ဘာစီလိုနာအသင်းကနေ စတင်ချိတ်ဆက်ခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ပါ ဘာစီလိုနာမှာ ပါဝင်ကစားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ ခရစ္စတန်ဆန်ကို ဘာစီလိုနာနဲ့အပြိုင် ဘိုင်ယန်မြူးနစ်ကလည်း ခေါ်ယူသွားချင်နေပြီး အသင်းနဲ့ လမ်းခွဲရဖွယ် ရှိနေတဲ့ ဂျာမနီ နောက်ခံကစားသမား နီကိုလပ်စ်ဇူလာရဲ့နေရာအတွက် အစားထိုးဖွယ် ရှိနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဇူလာကိုလည်း ချယ်လ်ဆီးအသင်းက အလိုရှိနေတာကြောင့် ဒီအသင်းနှစ်သင်းကြားမှာ နောက်ခံလူချင်း အပြောင်းအလဲတွေ ရှိလာနိုင်သလို ဘာစီလိုနာအသင်းကနေ ခရစ္စတန်ဆန်ရော ဇူလာကိုရောပါ အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူသွားဖွယ်လည်း ရှိလာနိုင်ပါတယ်။ လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းဟာ နောက်ခံလူ သီယာဂိုဆေးလ်ဗားကိုသာ စာချုပ်သက်တမ်း တိုးထားနိုင်ခဲ့ပြီး ရူဒီဂါ ခရစ္စတန်ဆန်နဲ့ အက်ဇ်ပီလီကွယ်တာတို့ကို လက်ရှိအချိန်ထိ သက်တမ်းမတိုးနိုင်သေးတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရဖွယ် ရှိနေပါတယ်။