ဂျာမန်ဘီလူးကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းကတော့ လက်ရှိအသင်းနည်းပြ သောမတ်စ် တူဟယ်လ်နေရာမှာ အစားထိုးသွားဖို့အတွက် နည်းပြသစ်တွေကို လိုက်လံ ရှာဖွေလျက် ရှိနေရာ ခရစ္စတယ် ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စနာကိုပါ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ဘိုင်ယန်ရဲ့ လက်ရှိနည်းပြ တူဟယ်လ်က ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လမ်းခွဲဖို့ သဘောတူညီမှု ရယူထားခဲ့ပြီးနောက် ဘိုင်ယန်က အလွန်ဆို ၊ နာဂယ်စမန်း ၊ အမ်မရီနဲ့ ရန်းနစ်တို့လို နည်းပြတွေကို ချိတ်ဆက်ခဲ့ပေမယ့်လည်း ဒီနည်းပြတွေက သူတို့ရဲ့ လက်ရှိအသင်းတွေနဲ့သာ ဆက်လက် လက်တွဲဖြစ်ခဲ့ပါတယ်။

Photo Credit : Sports Max

ဒါ့အပြင် နည်းပြဟောင်း ဟန်ဆီ ဖလစ်ခ်နဲ့ အသင်းလက်မဲ့ ဖြစ်နေတဲ့ ရီးယဲလ်နည်းပြဟောင်း ဇီဒန်းတို့ကိုလည်း ဆက်သွယ်ခဲ့ပြီး အဆင်မပြေနေသေးတဲ့ ဘိုင်ယန်က လက်ရှိမှာတော့ ဘွန်ဒက်စ်လီဂါ နည်းပြဟောင်းတစ်ဦးကိုသာ ပြောင်းလဲ စိတ်ဝင်စားလာခဲ့ပါတယ်။

သူတို့ စိတ်ဝင်စားနေတဲ့ နည်းပြက အသက် (၄၉)နှစ်အရွယ် သြစတြီးယားလူမျိုး ဘောလုံးနည်းပြ ဂလက်စနာပါ။ နည်းပြ ဂလက်စနာက ဝုလ်ဖ်ဘတ်နဲ့ ဖရန့်ဖတ်တို့လို ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ဘွန်ဒက်စ်လီဂါမှာ ပွဲပေါင်း (၂၀၀)နီးပါးလောက်အထိ ကျင်လည်ဖူးခဲ့သူ ဖြစ်ပါတယ်။

Photo Credit : Sempre Milan

လက်ရှိမှာတော့ ဂလက်စနာက လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်းကို ကိုင်တွယ်နေပြီး (၁၂)ပွဲအတွင်း နိုင်ပွဲ(၆)ပွဲ သရေပွဲ(၃)ပွဲနဲ့ ရှုံးပွဲ(၃)ပွဲအထိ စွမ်းဆောင်ထားရင်း ပဲလေ့စ်ပရိသတ်အကြိုက် နည်းပြတစ်ဦး ဖြစ်နေခဲ့ရပါတယ်။ ဒါ့အပြင် သူ့လက်ထက်မှာပဲ ပဲလေ့စ်အသင်းကို လီဗာပူးလ် မန်ယူနိုက်တက်တို့နဲ့ပါ ရင်ဆိုင်ခဲ့ရင်း နိုင်ပွဲရအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါသေးတယ်။

ဒါကြောင့် ဒီလို လက်စောင်းထက်နေတဲ့ နည်းပြ ဂလက်စနာကို ဘိုင်ယန်ဘက်က စိတ်ဝင်စားလာခဲ့တာ ဖြစ်ပေမယ့်လည်း ပဲလေ့စ်ကတော့ သူတို့နည်းပြ ဂလက်စနာကို ဘယ်လိုအခြေအနေကြောင့်ပဲဖြစ်ဖြစ် လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ အသင်းမှာသာ ဆက်လက် ထိန်းသိမ်းသွားဖွယ်သာ ရှိနေပါတယ်။