ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က လာမယ့် နွေအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ တာစူနေတဲ့ တောင်ပံတိုက်စစ် ကစားသမား ဂနာဘရီရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တိုးဖို့ မရေရာတဲ့ အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ထိပ်တန်း ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းကောင်းတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပေမယ့် သူသာ အကောင်းဆုံး အနေအထားမျိုးမှာ ရှိနေရင် အသင်းတိုင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိသူ တဦးပါ။

Photo Credit: Mirror

မားကပ် ရက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ဒဏ်ရာပြဿနာ များပြားလာမှု ၊ ခြေစွမ်းပိုင်း မတည်ငြိမ်မှုတို့ကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဘက်က ရက်ဖို့ဒ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ တွေဝေနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရက်ဖို့ဒ်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်သက်တမ်းက လက်ရှိမှာ ၂နှစ်ကျော်သာ ကျန်ရှိတော့ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို စာချုပ်သစ် မကမ်းလှမ်းဖြစ်ခဲ့ရင် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် ရဖို့ လာမယ့် နွေအပြောင်းအရွှေ့မှာပဲ ရောင်းထုတ်ဖို့ စဉ်းစားဖွယ် ရှိနေပါတယ်။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ရက်ဖို့ဒ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ စာချုပ်သစ်ကိစ္စကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ ရက်ဖို့ဒ်ကို စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ရင် ရက်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဒါပေမယ့် ရက်ဖို့ဒ်ကတော့ မန်ချက်စတာ ယူနိုက်တက်မှာသာ ဆက်လက် ကစားဖို့ ဆန္ဒရှိနေပြီး မကြာခင်မှာပဲ အမေရိကန်နိုင်ငံဆီ ထွက်ခွာကာ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို မြှင့်တင်နိုင်ရန် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ စီစဉ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြထားပါတယ်။