ဘိုင်ယန်မြူးနစ်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ခဲ့ရင်းနဲ့ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပို့ဆောင်နိုင်ခဲ့တာကြောင့် အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသလို အသင်းကိုလည်း ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းမှာ ဆုဖလား(၃)လုံး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြဟန်ဆီဖလစ်ကတော့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ကစားခဲ့ရတဲ့ ဘွန်ဒစ်လီဂါပွဲစဉ်အပြီး ဂျာမန်ရုပ်သံနဲ့ အင်တာဗျူးနေစဉ်မှာ သူအနေနဲ့ ရာသီအကုန်မှာ ဘိုင်ယန်အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အသိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၅၆)နှစ်အရွှယ်ရှိ ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြီးခဲ့တဲ့ ၂၀၂ဝခုနှစ် နိုဝင်ဘာလမှာ စတင်တာဝန်ယူခဲ့ရတာဖြစ်ပြီး သူစတင်ကိုင်တွယ်ချိန်မှာ အသင်းက ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတာဖြစ်ပေမယ့် ဒီအခြေအနေတွေအားလုံးကို ဖလစ်က ပြုပြင်ပြောင်းလဲနိုင်ခဲ့ကာ ရာသီအကုန်မှာတော့ ဥရောပချန်ပီယံလိဂ်ဖလား အပါအဝင် ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ပိုကယ်ဖလားတို့ကိုပါ သိမ်းပိုက်ရယူသွားနိုင်အောင် စွမ်းစွမ်းတမံ ဆောင်ရွှက်ပေးသွားနိုင်ခဲ့ပါတယ်။ အသင်းကို ပထမဆုံးအကြိမ် ကိုင်တွယ်ခဲ့ရတဲ့ နှစ်မှာပဲ အခုလို စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဖလစ်ကို ဘိုင်ယန်ဘက်ကနေ (၃)နှစ်စာချုပ်ချုပ်ဆိုထားပေမယ့် ဖလစ်ကတော့ ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် အတိအလင်း ကြေညာလာခဲ့ပါတယ်။

Photo Credit : Marca

ဖလစ်က “ပဲရစ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်အပြီးမှာပဲ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကျွန်တော်နဲ့အသင်းတို့ရဲ့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်ကို အဆုံးသတ်သွားချင်တယ်လို့ အသင်းဘက်ကို အသိပေးပြောဆိုခဲ့သလို ကစားသမားတွေကိုလည်း ကျွန်တော်ပြောပြဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကို အသင်းဘက်ကနေ သိရှိရဖို့က အရေးကြီးပါတယ်။ အသင်းဘက်ကနေလည်း ကျွန်တော်ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အခုုလို အသင်းအတွက် အောင်မြင်မှုတွေ ရယူပေးခဲ့တဲ့ နည်းပြဖလစ် ထွက်ခွာတော့မယ့်အကြောင်းကို ဘိုင်ယန်အသင်းသားများစွာက စိတ်မကောင်းဖြစ်နေကြပြီး သူတို့နည်းပြ အသင်းသစ်မှာ အဆင်ပြေနိုင်ဖို့လည်း ဆုမွန်ကောင်းတောင်းပေးထားကြပါတယ်။ ဘိုင်ယန်ကတော့ ဖလစ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် လိုက်ပ်ဇစ်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းကို အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး ဖလစ်ကတော့ ဂျာမန်လက်ရွေးစင်အသင်းရဲ့ နည်းပြတစ်ယောက် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။