MySport Myanmar

အော်တီဂါကို ရဖို့ မလွယ်လို့ ဒီဂီယာကိုပဲ ကြိုးပမ်းသွားတော့မယ့် ဘိုင်ယန်

ဘိုင်ယန်မြူးနစ်အသင်းက ဂိုးသမားတစ်ဦး ခေါ်ယူသွားဖို့ ရှိနေပြီး လက်ရှိအချိန်ထိ သူတို့အသင်း ချိန်ရွယ်လိုက်တဲ့ ဂိုးသမားတိုင်းနဲ့ အဆင်မပြေနိုင်သေးတာကြောင့် မန်ယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ် ဒီဂီယာကိုပဲ ဆက်လက် ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ Sky Sports Germany ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘိုင်ယန်အသင်းဟာ အသင်းရဲ့ ဆွစ်ဇာလန် ဂိုးသမားကြီး ယန်း ဆွန်းမားကို အင်တာမီလန်အသင်းဆီ မရောင်းထုတ်ခင်ကတည်းက ဂိုးသမားတစ်ဦး ထပ်မံ ခေါ်ယူဖို့ စီစဉ်နေခဲ့တာဖြစ်ပြီး သူတို့ ပစ်မှတ်ထားနေတဲ့ ဂိုးသမားစာရင်းထဲမှာလည်း ဒီဂီယာပါ ပါဝင်နေခဲ့ပါတယ်။

Photo Credit : Liga Olahraga

သြဂုတ်လအတွင်းမှာ ဒေးဗစ် ရာယာ ၊ ဘိုနို ၊ ကက်ပါ တို့လို ဂိုးသမားတွေကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့ပေမယ့်လည်း ဒီဂိုးသမားတွေက ဘိုင်ယန်ဆီ မပြောင်းရွှေ့ခဲ့ပဲ တခြားသော ကလပ်အသင်းတွေဆီကို အသီးသီး ပြောင်းရွှေ့ ဖြစ်ခဲ့ကြပါတယ်။

ဒါကြောင့် ဘိုင်ယန်က မန်စီးတီးရဲ့ ဂျာမနီ ဂိုးသမား စတီဖန် အော်တီဂါကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့ပေမယ့်လည်း စီးတီး နည်းပြ ဂွာဒီယိုလာက အော်တီဂါဟာ သူတို့အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်တာမို့ လုံးဝ ရောင်းချသွားမှာ မဟုတ်ဘူးလို့ တုံ့ပြန်လာခဲ့ပါတယ်။

Photo Credit : Twitter

ဒီလို အခြေအနေတွေကြောင့် ဘိုင်ယန်မြူးနစ်အသင်းက အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် စပိန် လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာကိုသာ ပြန်လည် အာရုံစိုက်လာခဲ့ပါတယ်။

ဘိုင်ယန်က စီးတီး ဂိုးသမား အော်တီဂါကို အသင်းရဲ့ main target အဖြစ် သတ်မှတ်ထားပေမယ့်လည်း အော်တီဂါနဲ့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့ အခြေအနေ အရမ်း နည်းလွန်းနေတာကြောင့် ဒီဂီယာကိုသာ ပြန်လည် ဆက်သွယ်ခဲ့ပြီး သဘောတူညီမှု ရရှိဖို့လည်း နီးစပ်နိုင်တယ်လို့ သိရပါတယ်။

Exit mobile version