ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကနေဒါ ဘယ်နောက်ခံကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို အခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းထုတ်သွားတော့မယ်လို့ စပိန်အခြေစိုက် AS Diario ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၂၃)နှစ်အရွယ် ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်က ၂၀၁၈ခုနှစ်ကတည်းက ကနေဒါကလပ် ဗန်ကူးဗား ဝှိုက်ကတ်စ်ကနေ ဘိုင်ယန်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ ဒေးဗီးစ်ဟာ ဘိုင်ယန်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : ESPN

ကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံကစားသမားတွေထဲက တစ်ဦးအပါအဝင် ဖြစ်လာခဲ့တဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ရီးယဲလ်မက်ဒရစ်လို ဥရောပ ထိပ်သီးကလပ်အသင်းတွေကနေ စိတ်ဝင်စားမှုတွေ ရှိလာခဲ့ပြီး အခုဆိုရင် ဒေးဗီးစ်က ဘိုင်ယန်အသင်းမှာ သူရဲ့ စာချုပ်သက်တမ်းက တစ်နှစ်တည်းသာ ကျန်ရှိနေပါတော့တယ်။

အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ဘိုင်ယန်ဘက်ကနေ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားပေမယ့် ဒေးဗီးစ်ကတော့ ဒီကမ်းလှမ်းမှုအပေါ် ပယ်ချထားပြီး စာချုပ် ကုန်ဆုံးမှသာ သူ့ကို ခေါ်ယူချင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဆီ free transfer နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီထားတာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမှာ ဘိုင်ယန်အနေနဲ့ ယူရို သန်း(၅၀)လောက် တန်ကြေးရှိတဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို အလွတ်နဲ့ လက်မလွတ်ချင်တာကြောင့် ဒီနွေဈေးကွက်မှာပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ စီစဉ်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခုလို စာချုပ် တစ်နှစ်တည်းသာ ကျန်တော့တဲ့ ဒေးဗီးစ်အတွက် ဘိုင်ယန်က သူ့တန်ကြေးအတိုင်း အနည်းဆုံး ယူရို သန်း(၅၀)လောက်အထိ အလိုရှိနေပါတယ်။

ရီးယဲလ်အနေနဲ့ကလည်း ဒီဈေးကွက်ထဲမှာ ကစားသမား မခေါ်ယူတော့ဘူးလို့ ထုတ်ပြန်ထားခဲ့ပေမယ့် အခုက ဘယ်ခြမ်းခံစစ်နေရာအတွက် သူတို့ရဲ့ပစ်မှတ်ဖြစ်တဲ့ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို လက်လွတ်ရတော့မှာမို့ ဈေးကွက် မပိတ်ခင်မှာပဲ ဒေးဗီးစ်ကို ကမ်းလှမ်းမှု လုပ်ဆောင်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါတော့မယ်။