ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံအသင်း တစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဆော့ဇ်ဘတ် ကို ၆ ဂိုး ၂ ဂိုး ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ ထိုပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ပွဲကစားချိန် နောက်ဆုံး ၁၅ မိနစ်မှာ ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုးတွေကိုတော့ ဂျရုန်း ဘိုတန်၊ လီရိုင်း ဆာနေး၊ ရောဘတ် လီဝင်ဒေါ့စကီး နဲ့ လူးကပ်စ် ဟာနန်ဒက်ဇ် တို့က သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Standard

ပွဲကစားချိန် ၄ မိနစ် အရောက်မှာ ဘားရစ်ရှား ကဆော့ဇ်ဘတ် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ ၂၁ မိနစ်မှာတော့ လီဝင်‌ဒေါ့စကီးက ပင်နယ်တီကနေ တစ်ဆင့် ချေပဂိုး ပြန်လည် သွင်းယူပေးခဲ့ပါတယ်။ ၄၄ မိနစ်အရောက်မှာတော့ ခရစ်စ်စတန်ဆန် က ကိုယ့်ဂိုးကို ပြန်သွင်းမိခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ဘိုင်ယန်မြူးနစ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ၆၆ မိနစ်မှာတော့ မာဆာရာ အိုကူဂါဝါ က ဆော့ဇ်ဘတ် အသင်းအတွက် ချေပဂိုး ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာ ၄ ဂိုးသွင်းယူခဲ့ကာ ပွဲကို အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဘိုင်ယန်မြူးနစ် အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲကစားချိန် ၇၉မိနစ်မှာ ဘိုတန် ၊ ပွဲကစားချိန် ၈၃မိနစ်မှာ ဆာနေး ၊ ပွဲကစားချိန် ၈၈မိနစ်မှာ လီဝင်ဒေါ့စကီးနဲ့ ပွဲချိန် ၉၂မိနစ်မှာ ဟာနန်ဒက်ဇ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ၊ ဘိုင်ယန်မြူးနစ် အသင်းဟာ ချန်ပီယံလိဂ် ရှုံးပွဲမရှိ စံချိန်ကို ၁၅ ပွဲအထိ ထိန်းထားနိုင်ခဲ့ပြီးတော့ အုပ်စုအေ မှာ အက်သလက်တီကို မက်ဒရစ်အသင်း ကို ငါးမှတ်ဖြတ်ပြီး ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ချန်ပီယံလိဂ်မှာ တစ်ဆက်ထဲ ရှုံးပွဲမရှိတဲ့ စံချိန်ကို ရရှိထားခဲ့တဲ့ အသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်ပြီး မန်ယူအသင်းဟာ ၂၀၀၇ခုနှစ် ကနေ ၂၀၁၀ ခုနှစ် အတွင်းမှာ ၁၆ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာလည်း ဖြစ်ပါတယ်။