ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်လက်ရွေးစင်တောင်ပံကစားသမား ဆဂ်နာဘရီဟာ ကိုဗစ်ဗိုင်းရပ်စ်ကူးစက်နေတာကြောင့် ဒီနေ့ညမှာ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်အုပ်စုအဆင့် ပွဲစဉ်အတွင်း ပါဝင်ကစားနိုင်တော့မှာ မဟုတ်ဘူးလို့ သိရှိခဲ့ရပါတယ်။ နာဘရီမပါဝင်နိုင်တာက ဘိုင်ယန်အသင်းအတွက် အရမ်းစိုးရိမ်စရာမဟုတ်ပေမယ့်လည်း နာဘရီကိုယ်တိုင် သူမှာ ဗိုင်းရပ်စ်ကူးစက်နေတာကို မသိရသေးခင်မှာ ဘိုင်ယန်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းမိခဲ့တဲ့အတွက် နောက်ထပ်ကစားသမားတွေပါ ကိုဗစ်ပိုး ထပ်မံကူးစက်ခံရတာနိုင်တာကြောင့် တစ်သင်းလုံးအတွက် စိုးရိမ်စရာ အနေအထားထိ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Daily Mail

ဘိုင်ယန်မြူးနစ်အသင်းဟာ သူတို့အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမား နာဘရီက ကိုဗစ်ပိုးကူးစက်နေတာကို စစ်ဆေးသိရှိခဲ့ရတဲ့အတွက် သီးသန့်နေထိုင်ရတော့မှာဖြစ်ကြောင်းကို အသင်းဘက်ကနေ မနေ့ကပဲ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် ဒီလို စစ်ဆေးမှုတွေ ထုတ်ပြန်မှုတွေ မလုပ်ရသေးခင်မှာ နာဘရီဟာ ဗိုင်းရပ်စ်ကူးစက်နေတာကို မသိရှိပဲ သူရဲ့ဘိုင်ယန်အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့သလို Blid ရဲ့ ဖော်ပြချက်အရဆိုရင်လည်း နောက်ခံလူဒေးဗစ်အလာဘာနဲ့ပါ အတူတကွ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့သေးတာကို မြင်တွေ့ခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလိုအနေအထားတွေကြောင့် ဘိုင်ယန်အသင်းဟာ နာဘရီအပြီး နောက်ထပ်အသင်းသားတွေပါ ဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်မှာကို စိုးရိမ်နေကြရကာ အသင်းအနေနဲ့ အသက်လက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို မဆင်နွဲရသေးခင်မှာပဲ အသင်းသားအားလုံးကို ကိုဗစ်ပိုးကူးစက်နေခြင်း ရှိမရှိဆိုတာ သေချာစစ်ဆေးရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် UEFA ကနေ ထုတ်ပြန်ထားခဲ့တဲ့ စည်းမျဉ်းတွေအရ ဘောလုံးအသင်းတစ်သင်းအနေနဲ့ ကိုဗစ်ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရမယ်ဆိုရင်တောင် အသင်းမှာ ပိုးကူးစက်ထားခြင်းမခံရတဲ့ ကစားသမားအရေအတွက်က (၁၃)ယောက်အထိ ရှိနေမယ်ဆိုရင် (အဲ့ဒီ၁၃ယောက်ထဲမှာ ဂိုးသမားတစ်ယောက် အနည်းဆုံးပါရှိနေမယ်ဆိုရင်) ပွဲကိုရွှေ့ဆိုင်းစရာမလိုအပ်ပဲ ဆက်လက်ကစားခွင့်ရှိမှာဖြစ်လို့ ဒီညမှာ ယှဉ်ပြိုင်ကစားရမယ့် ဘိုင်ယန်နဲ့အသက်လက်တီကိုတို့ရဲ့ချန်ပီယံလိဂ်ပွဲကတော့ ရွှေ့ဆိုင်းရနိုင်ခြေ နည်းပါးနေပါတယ်။ ဒါပေမယ့် လက်ရှိမှာ နာဘရီက ဗိုင်းရပ်စ်ကူးစက်ခံထားရသလို ဆာနေးကလည်း ဒဏ်ရာကြောင့်မပါဝင်နိုင်ချိန်မှာ နောက်ထပ်အဓိက ကစားသမားတစ်ယောက်ယောက်သာ ဗိုင်းရပ်စ်ကူးစက်နေမယ်ဆိုရင်တော့ ဘိုင်ယန်အတွက် တအားကို စိုးရိမ်စရာ ဖြစ်လာရနိုင်ပါတယ်။