ဂျာမန် အင်အားကြီး အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ နှစ်ဦးဖြစ်တဲ့ ဘိုတန်နဲ့ အလာဘာတို့ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ရတော့မှာ ဖြစ်တာကြောင့် သူတို့အသင်းရဲ့ ခံစစ်ကို အားဖြည့်မှု အဖြစ် လိုက်ပ်ဇစ်အသင်းရဲ့ လူငယ် ခံစစ်မှူး အူပါမီကာနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အလာဘာနဲ့ ဘိုတန်တို့ဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက နောက်ခံလူတွေ အဖြစ် ရှိနေသူတွေ ဖြစ်ပေမယ့် လက်ရှိရာသီ အကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းဘက်က သူတို့ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစား ခဲ့ပေမယ့် အရာမထင်ခဲ့ပါဘူး။

Photo Credit: BILD

ဒါ့ကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ အလာဘာနဲ့ ဘိုတန်တို့ကို အသင်းကနေ ထွက်ခွာခွင့် ပေးလိုက်ပြီး သူတို့နှစ်ဦးရဲ့ နေရာအတွက် အစားထိုးမှုအဖြစ် လိုက်ပ်ဇစ်အသင်းရဲ့ အူပါမီကာနိုကို ခေါ်ယူဖို့ လုပ်ဆောင် နေကြောင်း ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာနက ဖော်ပြ သွားပါတယ်။ လက်ရှိမှာ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် အူပါမီကာနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်း အတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့သူ တစ်ဦးဖြစ်ပြီး လိုက်ပ်ဇစ် အသင်းကို အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဦးဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အဆင့် အထိ ပို့ဆောင်ပေးနိုင်ခဲ့သလို သူကိုယ်တိုင်ဟာလည်း အလားအလာ အရှိဆုံး လူငယ် နောက်ခံလူ အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။

Photo Credit: BILD

ဒါ့ကြောင့်ပဲ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အူပါမီကာနိုကို ခေါ်ယူဖို့ အတွက် မန်ယူအသင်း ၊ ချယ်လ်ဆီးအသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်း ၊ မန်စီးတီးအသင်း စတဲ့ ထိပ်တန်းအသင်းတွေက ချဉ်းကပ် ခဲ့ကြပြီး အူပါမီကာနို ကတော့ လိုက်ပ်ဇစ်အသင်းမှာပဲ တစ်ရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂျာမဏီ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက်ဖြစ်သူ ဖော့တ်ရဲ့ ပြောဆိုမှု အရတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ အလာဘာနဲ့ ဘိုတန်တို့ကို အသင်းကနေ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီး နောက်မှာ အူပါမီကာနိုကို သူတို့အသင်းရဲ့ နံပါတ်တစ် အပြောင်းအရွှေ့ ပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အူပါမီကာနိုကို ခေါ်ယူဖို့ ကြိုးစားတော့မယ် လို့ သိရပါတယ်။