ဂျာမန်အင်အားကြီးအသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်လီဂါမှာ နာမည်ကြီးလာတဲ့ ကစားသမားတွေကို သူတို့ အသင်းထံ ခေါ်ယူလေ့ရှိတာကြောင့် ဥရောပ ဘောလုံးရပ်ဝန်းမှာ ဘွန်ဒက်လီဂါရဲ့ All Stars အသင်းအဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ အသင်းပါ​။ လက်ရှိ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ထောက်တိုင် ကစားသမားတွေအဖြစ် သတ်မှတ်လို့ရတဲ့ လီဝန်ဒေါစကီး ၊ နူအာ ၊ ကင်းမစ် ၊ ဂနာဘရီစတ​ဲ့ ကစားသမားတွေဟာ တခြား လိဂ်ပြိုင်ဘက်အသင်းတွေကနေ ခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်ပြီး လက်ရှိမှာလဲ ဘိုင်ယန်မြူးနစ်အသင်းဟာ လစ်ဇက်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတယ်လို့ သိရပါတယ်။

Photo Credit: Standard.com

ဂျာမဏီသတင်းစာတွေရဲ့ ဖော်ပြချက်တွေအရတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဆာနေးကို ခေါ်ယူရန် ကြိုးပမ်းမှုတွေ အားလုံးကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်းနဲ့ တီမိုဝါနာကို ခေါ်ယူဖို့ မျက်စိကျလာတယ်လို့ သိရပါတယ်။ အသက် ၂၃နှစ်အရွယ် တီမိုဝါနာဟာ ဂျာမဏီ လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ယခု ဘောလုံးရာသီမှာ လစ်ဇက်အသင်းအတွက် ဘွန်ဒက်လီဂါပွဲစဉ် ၂၅ပွဲ ပါဝင်ကစားထားရာမှာ ၂၁ဂိုးသွင်းယူထားပြီး ၇ဂိုးဖန်တီးပေးထားနိုင်သူ ဖြစ်ကာ လီဝန်ဒေါစကီးပြီးတဲ့နောက် လိဂ်ပြိုင်ပွဲ မှာ ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

လတ်တလောမှာတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ဝါနာကို ခေါ်ယူနိုင်ဖို့အတွက် ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်တဲ့ လီဗာပူး အသင်းနဲ့ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး လီဗာပူးအသင်း ဟာ ဝါနာကို ခေါ်ယူနိုင်ဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းပါ။ ဘိုင်ယန်မြူးနစ် အသင်းနဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ ဝါနာကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ လစ်ဇက်အသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင်၆၃သန်း ပေးချေရဖို့ ရှိတယ်လို့ သိထားရကာ လစ်ဇက်အသင်းအနေနဲ့ကတော့ သူတို့ အသင်း သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေးတွေ ဖြစ်တဲ့ ပေါင်၅၂သန်း(ဂျာမဏီနိုင်ငံ ပြင်ပအသင်းများအတွက်) ၊ ပေါင်၆၃သန်း (ဂျာမဏီနိုင်ငံအတွင်းမှ အသင်းများအတွက်)တို့ကို ပေးချေလိုတဲ့ အသင်းရှိပါက ဝါနာကို ရောင်းချဖို့ ရှိပါတယ်။