ဂျာမန် အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်း ကတော့ စပိန် လာလီဂါကလပ် အက်စ်ပန်ညိုအသင်းရဲ့ စပိန် လူငယ် ကွင်းလယ်လူ မာကာ ရိုကာကို ခေါ်ယူနိုင်တော့မယ် လို့ သိရှိရပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ ရိုကာဟာ အက်စ်ပန်ညိုအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ကွင်းလယ်ခံစစ် နေရာမှာ ကစားတတ်တဲ့ ကစားသမား တစ်ဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်စ်ပန်ညိုအသင်း အတွက် လာလီဂါမှာ ၃၅ပွဲအထိ ပါဝင် ကစားပေးနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဘိုင်ယန်မြူးနစ် အသင်းဟာ ယခုနွေရာသီ စျေးကွက် အတွင်းမှာ အသင်းရဲ့ စပိန်ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ သီယာဂို အယ်ကန်တာရာကို လီဗာပူးအသင်းထံ ရောင်းချ ထားတာကြောင့် အစားထိုးမှု တစ်ရပ်အဖြစ် ရိုကာကို ပြန်လည် ခေါ်ယူခဲ့တာပါ။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ရိုကာဟာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆေးစစ်မှု ခံယူဖို့ ဂျာမဏီနိုင်ငံ မြူးနစ်မြို့ဆီကို ရောက်ရှိနေပြီ ဖြစ်ကာ ယနေ့ (သို့) မနက်ဖြန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမား ဖြစ်လာဖွယ် ရှိကြောင်း သိရပါတယ်။ ရိုကာရဲ့ သတင်းအပေါ် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BILD သတင်းဌာနကလည်း အတည်ပြု သွားပြီး ဘိုင်ယန်မြူးနစ် အသင်းဟာ ရိုကာအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ပေးချေရမှာ ဖြစ်ကြောင်း ဖော်ပြ သွားခဲ့ပါတယ်။

 

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ရဲ့ အဆိုအရတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ ယခုနှစ် နွေစျေးကွက်မှာ ကစားသမား သုံးဦးအထိ ခေါ်ယူဖို့ လျာထားပြီး ရိုကာဟာ ပထမဦးဆုံး ရောက်ရှိလာတဲ့သူ ဖြစ်ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းက နောက်ထပ် ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကစားသမားတွေ ကတော့ ချယ်လ်ဆီးအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား အိုဒွိုင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား လီမာတို့ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက်တွေက သုံးသပ် ထားကြပါတယ်။ ဆက်စပ်သတင်းတွေ အရတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြဖြစ်သူ ဖလစ်က အိုဒွိုင်းဟာ ထိပ်သီး ကစားသမား တစ်ဦး ဖြစ်ပြီး သူ့ကို ဘိုင်ယန်မြူးနစ် အသင်းမှာ မြင်တွေ့လိုကြောင်း ပြောကြား သွားခဲ့ပါတယ်။