ပရီးမီးယားလိဂ် ထိပ်သီးအသင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာပြီး ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ် လာကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြ သွားပါတယ်။ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် တောင်ပံ ကစားသမား အိုဒွိုင်းဟာ မကြာသေးမီကမှ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၄ ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းရဲ့ နွေရာသီ ကစားသမား ခေါ်ယူမှုတွေ အပေါ် စိတ်ပျက် နေပြီး ချယ်လ်ဆီးအသင်းမှာ ဆက်ရှိပါက သူ့အတွက် ပွဲကစားချိန် လုံလုံလောက်လောက် မရမှာကို စိုးရိမ်နေသူပါ။

Photo Credit: Sky Sports

ချယ်လ်ဆီးအသင်းဟာ လက်ရှိ နွေစျေးကွက် အတွင်းမှာ တီမိုဝါနာ ၊ ကိုင်ဟားဗက် ၊ ဇီရက်ဇ် စတဲ့ ကစားသမားတွေ ကို ခေါ်ယူ ထားတာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲထွက်စာရင်းမှာ အိုဒွိုင်း အတွက် နေရာ ရှိမနေပဲ အိုဒွိုင်းအနေနဲ့ ဇီရက်ဇ် ၊ ပူလီဆစ်တို့ရဲ့ နောက် အရန် ကစားသမား အဖြစ် သာ ဆက်နေရဖွယ် ရှိပါတယ်။ အိုဒွိုင်းကတော့ အဆိုပါ အခြေအနေတွေ အပေါ် အတော်လေးကို စိတ်ပျက်နေပြီး သူ့ရဲ့ လက်ရွေးစင် အသင်းဖော် ဖြစ်ဖူးသူ ဆန်ချိုရဲ့ ပုံစံအတိုင်း ဂျာမန် ဘွန်ဒက်လီဂါထံ ပြောင်းရွှေ့ကာ သူ့ရဲ့ နာမည်တစ်လုံးကို ပုံဖော်ချင် နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။

Photo Credit: Sky Sports

Sky Sports သတင်းဌာနရဲ့ အခွဲတစ်ခု ဖြစ်တဲ့ Sky Germany သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ အိုဒွိုင်းကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေကို ပြန်ပြီး ပြုလုပ် လာခဲ့ကာ အိုဒွိုင်းအနေနဲ့လည်း နည်းပြ လမ်းပတ်ရဲ့ လက်အောက်မှာ အရန်ခုံ ထိုင်နေရမှာထက် ဘိုင်ယန်မြူးနစ် အသင်းထံ ပြောင်းရွှေ့ကာ စိန်ခေါ်မှု အသစ်တွေ ပြုလုပ် လိုနေကြောင်း သိရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ကတော့ အိုဒွိုင်းလို အသင်းရဲ့ လူငယ်ခြေတက် ကစားသမားကို လက်လွှတ်ဖို့ စိတ်ကူး မရှိပဲ ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ အိုဒွိုင်းအတွက် ယူရို ၅၀ သန်းကျော် သုံးစွဲနိုင်မှသာ အိုဒွိုင်းကို ရရှိဖွယ် ရှိကြောင်း ဘောလုံး သုတေသီတွေက သုံးသပ် ထားကြပါတယ်။ ဆက်စပ်သတင်းတွေ အရတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား လီမာကို ခေါ်ယူဖို့လည်း စိတ်ဝင်စား နေကြောင်း သိရပါတယ်။