ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဟာ သူတို့အသင်းရဲ့ အစဉ်အလာ ပြိုင်ဘက် ဒေါ့မွန်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အာလင်း ဟာလန်းကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်လာကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသလို သူနဲ့ ဒေါ့မွန်ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးကလည်း ယူရို ၈၀သန်းသာ ရှိနေတာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေကြပါတယ်။

Photo Credit: Bild

အာလင်း ဟာလန်းကလည်း သူ့ရဲ့ ကစားသမား ဘဝကို တဆင့် မြှင့်တင်ကာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ ဒေါ့မွန်ကို ကျောခိုင်းပြီး ဆုဖလား အောင်မြင်မှုတွေ အတွက် အာမခံချက် ရှိတဲ့ ဥရောပ ထိပ်သီးအသင်းတွေဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကာ လက်ရှိမှာတော့ အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးက ဟာလန်းကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဒါပေမယ့် ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒေါ့မွန်ရဲ့ အစဉ်အလာပြိုင်ဘက် ဘိုင်ယန်မြူးနစ်က ဟာလန်းလုပွဲထဲကို ပါဝင်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ဖြစ်သူ ဆာလီဟာမီဒစ်ဇီ ကိုယ်တိုင်က ဟာလန်းနဲ့ တွေ့ဆုံကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ စတင် ပြုလုပ်လာကြောင်း သိရပါတယ်။

Photo Credit: Bild

နာမည်ကြီး ဂျာမန်သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက ဆာလီဟာမီဒီဇစ်နဲ့ ဟာလန်းတို့ဟာ အပြောင်းအရွှေ့ အတွက် နှစ်ဦးထဲ သီးသန့် တွေ့ဆုံခဲ့ကြတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဘာစီလိုနာထံ လက်လွှတ်ရဖို့ များနေတာကြောင့် ဟာလန်းကို ခေါ်ယူဖို့ ချိတ်ဆက်လာတာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ဒေါ့မွန်ရဲ့ အဓိက ကစားသမားတွေကို မကြာခဏ ဆိုသလို ခေါ်ယူလေ့ ရှိပြီး လက်ရှိ သူတို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကိုလည်း ဒေါ့မွန်ဆီကနေ ခေါ်ယူထားတာကြောင့် ဟာလန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားနိုင်ကြောင်းလည်း ဂျာမန် အပြောင်းအရွှေ့ သုတေသီတွေက သုံးသပ်ထားကြပါတယ်။