ဂျာမန် ဘွန်ဒက်လီဂါရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းကတော့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ထင်ရှားလာတဲ့ ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူလေ့ ရှိတဲ့ သူတို့အသင်းရဲ့ အစဉ်အလာ အတိုင်းပဲ လက်ရှိမှာတော့ လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ် လူငယ် နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် နောက်ခံလူ အူပါမီကာနိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ နာမည်ရလာတဲ့ လူငယ် နောက်ခံလူ တစ်ဦး ဖြစ်ပြီး သူ့ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ် ၊ လျင်မြန်လှတဲ့ ရွေ့လျားမှုတွေကြောင့် ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူပါ။

Photo Credit: Bild

ဒါ့အပြင် အူပါမီကာနိုဟာ လိုက်ပ်ဇစ်အသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ရှိသူ ဖြစ်ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၃၈သန်း ဝန်းကျင်သာ ရှိတော့မှာ ဖြစ်တာကြောင့် လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ နာမည်ကြီး အသင်းတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် ၊ မန်ချက်စတာ ယူနိုက်တက်အသင်း ၊ အာဆင်နယ်အသင်း ၊ လီဗာပူးအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့က စိတ်ဝင်စားနေကြတာပါ။ ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ လက်ရှိမှာ အူပါမီကာနိုကို ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေတဲ့ အသင်းတွေဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဘိုင်ယန်မြူးနစ် အသင်းတို့ ဖြစ်ကြောင်း သိရှိ ရပါတယ်။

Photo Credit: Bild

ဒါပေမယ့် နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အူပါမီကာနို အပေါ် စိတ်ဝင်စားမှု လျော့ကျသွားခဲ့ပြီး အူပါမီကာနို အစား သူတို့အသင်းရဲ့ ဗဟိုခံစစ်မှာ အသင်းခေါင်းဆောင် ဟယ်ရီမက်ဂွိုင်းယားနဲ့ တွဲဖက် ကစားနိုင်မယ့် ဘယ်သန် ခံစစ်မှူး တစ်ဦးကိုသာ ခေါ်ယူဖို့ စီစဉ်နေကြာင်း သိထား ရပါတယ်။ ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ BILD သတင်းဌာန ကတော့ ဘိုင်ယန်မြူးနစ် အသင်းဟာ အူပါမီကာနိုကို သူတို့အသင်းရဲ့ အနာဂတ် ခံစစ်မှူး အဖြစ် သတ်မှတ်ထားပြီး အလာဘာ ၊ ဘိုတန်တို့ မရှိတော့တဲ့ အသင်းရဲ့ ခံစစ်ကြောင်းမှာ အူပါမီကာနိုနဲ့ ဆူလေ အတွဲကို အထိုင်ချသွားမှာ ဖြစ်တာကြောင့် မရရအောင် ခေါ်ယူဖို့ ကြိုးစားနေကြောင်း ဖော်ပြ သွားခဲ့ပါတယ်။