ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းဟာ လိဒ်ယူနိုက်တက်နဲ့ အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တောက်ပနေတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း တောင်အမေရိက အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ လီဝမ်ဒေါစကီး ၊ သောမတ် မူလာတို့ အသက်အရွယ် ရလာသလို အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ကိုးမန်းကလည်း စာချုပ်သစ် ချုပ်ဆိုဖို့ မသေချာတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို ပြုပြင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ရာဖင်ဟာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရန်းနက်စ်အသင်း ကနေ လိဒ်ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၈.၆သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီမှာပဲ ထိပ်တန်းအဆင့် ခြေစွမ်းကို ပြသနိုင်ခဲ့သူပါ။

ရာဖင်ဟာဟာ လိဒ်ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၄ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် သူ့ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ ဥရောပ ထိပ်တန်းအသင်းကြီးတွေ များစွာ ရှိနေပါတယ်။

Photo Credit: Goal

တောင်အမေရိက အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချရတဲ့ TNT Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရာဖင်ဟာကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့သလို လိဒ်ယူနိုက်တက်နဲ့ ရာဖင်ဟာရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကလည်း အဆင်ပြေ ချောမွေ့မှု ရှိနေကြောင်း သိရပါတယ်။

ဂျာမန်အခြေစိုက် နာမည်ကြီး သတင်းဌာနတွေကလည်း ဘိုင်ယန်မြူးနစ်နဲ့ လိဒ်ယူနိုက်တက်တို့ ကြားမှာ ရာဖင်ဟာအတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း အတည်ပြုပေးထားပြီး ဘိုင်ယန်မြူးနစ်အသင်းဟာ ရာဖင်ဟာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ပေးချေရဖို့ ရှိနေကြောင်းလည်း ယနေ့မနက်ပိုင်းမှာပဲ ဖော်ပြခဲ့ပါတယ်။