ဂျာမန် အင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းဟာ ပရီးမီးယားလိဂ် အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ လူငယ် တောင်ပံ ကစားသမား အိုဒွိုင်းကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားကြောင်း ခိုင်လုံတဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက် အရ သိရှိ ရပါတယ်။ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အိုဒွိုင်းဟာ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်ပြီး မကြာသေးမီကမှ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆို ထားပေမယ့် လက်ရှိ အချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ စိတ်အား ထက်သန်နေသူ တစ်ဦးပါ။

Photo Credit: Goal

အိုဒွိုင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းရဲ့ အဓိက တောင်ပံ ကစားသမား အဖြစ် ကစားရမယ် လို့ ထင်မှတ်ခဲ့သူ တစ်ဦး ဖြစ်ပြီး နွေစျေးကွက် အတွင်းမှာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေကို မြင်တွေ့အပြီး မှာတော့ သူ့ရဲ့ ကစားချိန်အတွက် စိုးရိမ်လာကြောင်း နီးစပ်သူတွေရဲ့ ဖွင့်ဟချက်တွေ အရ သိရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ တီမိုဝါနာ ၊ ပူလီဆစ် ၊ အေဗရာဟမ် ၊ ကိုင်ဟားဗက် ၊ ဇီရက်ဇ် ၊ မေဆန်မောင့် စတဲ့ ကစားသမားတွေကြောင့် အိုဒွိုင်းဟာ လက်ရှိ ရာသီမှာလည်း လူစားဝင် ကစားသမား အဖြစ်သာ ကစားရဖို့ ရှိနေပြီး အိုဒွိုင်းကတော့ သူ့ရဲ့ အသက်အရွယ်မှာ တိုးတက်ဖို့ ကစားချိန်များများ ရရှိလို နေပါတယ်။

Photo Credit: Goal

ဒါ့ကြောင့်ပဲ အိုဒွိုင်းဟာ ချယ်လ်ဆီးအသင်း မှာထက် ကစားချိန် ပိုရဖွယ် ရှိတဲ့ ဘိုင်ယန်မြူးနစ် အသင်းထံကို ပြောင်းရွှေ့ ကစားလို နေပြီး ဘိုင်ယန်မြူးနစ် အသင်းကလည်း အသင်းရဲ့ တောင်ပံ ကစားသမား ဆာနေး တစ်ယောက် ဒဏ်ရာ ရရှိခဲ့တာကြောင့် ယာယီ အစားထိုးမှု အဖြစ် အိုဒွိုင်းကို ခေါ်ယူချင် နေတာပါ။ ဂျာမန် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BILD သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုဒွိုင်းကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ အတွက် ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ တရားဝင် စတင် ဆွေးနွေးနေကြောင်း သိရှိ ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်ကို ဘိုင်ယန်မြူးနစ် အသင်းထံ စေလွှတ်ပါ့မလား ဆိုတာဟာ ခန့်မှန်းရခက်တဲ့ အရာတစ်ခု ဖြစ်ပြီး ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာကိုတော့ စောင့်ကြည့် သွားရမှာပဲ ဖြစ်ပါတယ်။