နွေစျေးကွက်အတွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်နေခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမန်ကွင်းလယ်ကစားသမား လီယွန်ဂေါ်ရက်ဇ်ကာအနေနဲ့ စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖွယ်မရှိပဲ တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ သူရဲ့စာချုပ်သက်တမ်းကိုပါ သက်တမ်းတိုးနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၆)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂေါ်ရက်ဇ်ကာဟာ ၂၀၁၅ခုနှစ်ကတည်းက ရှော်ကေးကနေ ဘိုင်ယန်မြူးနစ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့သလို အသင်းနဲ့အတူ တစ်ရာသီအတွင်း ဆုဖလား(၃)လုံး အောင်မြင်မှုနဲ့အပါအဝင် ဆုဖလားများစွာကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂေါ်ရက်ဇ်ကာနဲ့ ဘိုင်ယန်အသင်းတို့ရဲ့ကြား စာချုပ်သက်တမ်းက လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဂေါ်ရက်ဇ်ကာကို အသင်းပေါင်းများစွာက စတင်ပစ်မှတ်ထားလာခဲ့ပြီး ယူနိုက်တက်အသင်းကလည်း ထိပ်ဆုံးနေရာကနေကို ပါဝင်လာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို လက်လွတ်ရဖွယ် ရှိလို့နေတဲ့ ယူနိုက်တက်အသင်းက ပေါ့ဘာသာ အသင်းနဲ့ လမ်းခွဲသွားဖြစ်ရင် သူရဲ့နေရာမှာ အစားထိုးသွားဖို့အတွက် ဂေါ်ရက်ဇ်ကာကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒီလို အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဂေါ်ရက်ဇ်ကာကို ဘိုင်ယန်ဘက်ကနေ ရောင်းထုတ်မသွားချင်ပဲ အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေတဲ့အတွက် စာချုပ်သစ်ချုပ်ဆိုဖို့ကိုသာ လုပ်ဆောင်လျက် ရှိနေတာဖြစ်ပြီး သက်တမ်းတိုးနိုင်လိမ့်မယ်လို့လည်း ဘိုင်ယန်နည်းပြ နာဂယ်စ်မန်းက ယုံကြည်လျက် ရှိနေပါတယ်။ နာဂယ်စ်မန်းက “ကျွန်တော် ဂေါ်ရက်ဇ်ကာအတွက် စီစဉ်ထားတဲ့ အနာဂတ်အစီအစဉ်တွေအကြောင်း သူနဲ့အတူ တွေ့ဆုံပြောဆိုထားခဲ့ပြီးပါပြီ။ သူသာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းမြောက်မိရမယ်ဆိုတာကိုလည်း ပြောထားခဲ့ပါသေးတယ်။ ဒါကြောင့်မို့ သူ ဒီမှာပဲ ရှိနေမယ်ဆိုတာကို ကျွန်တော်ယုံကြည်တယ်။ ကစားသမားတစ်ယောက်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ဆွေးနွေးတဲ့အခါမှာ အကြောင်းအရာတွေ အများကြီးကတော့ ပါဝင်နေရဦးမှာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။