ဂျာမနီနိုင်ငံက အချမ်းသာဆုံး အသင်း (၄) သင်း ဖြစ်ကြတဲ့ ဘိုင်ယန်မြူးနစ်အသင်း၊ ဒေါ့မွန်အသင်း၊ လိုက်ဇစ်အသင်း နဲ့ လေဗာကူဆင်အသင်းတို့ဟာ ဘွန်ဒက်စ်လီဂါ နဲ့ ဘွန်ဒက်စ်လီဂါ (၂) က အသင်းငယ်တွေကို ကူညီနိုင်ဖို့ ကျပ် သန်း (၁သောင်း) ကျော် လှူဒါန်းခဲ့ကြပါတယ်။ သူတို့ (၄) သင်းဟာ တစ်သင်းစီ ဘယ်လောက် လှူဒါန်းကြသလဲ ဆိုတာကို မသိရပေမဲ့လည်း ရုပ်သံ ထုတ်လွင့်ရာကနေ ရတဲ့ ဝင်ငွေကို ပေါင် (၁၁.၄) သန်း နဲ့ သူတို့ရဲ့ ကိုယ်ပိုင် ရန်ပုံငွေ ပေါင် (၆.၉) သန်း လှူဒါန်းခဲ့တာကြောင့် စုစုပေါင်း ပေါင် (၁၈) သန်း လှူဒါန်းခဲ့ကြပါတယ်။

Photo Credit: Skysports

ဂျာမနီ ဘောလုံး အဖွဲ့ချုပ် (Germany Football League – DFL) က အလှူငွေး ပေါင် (၁၈) သန်းကို ဘယ်လို ခွဲဝေသွားမလဲ ဆိုတာကို ဆုံးဖြတ်သွားမှာ ဖြစ်ပြီး သေချာနေတာကတော့ ဘွန်ဒက်စ်လီဂါ နဲ့ ဘွန်ဒက်စ်လီဂါ (၂) က အသင်းငယ်တွေကို ပံ့ပိုးပေးသွားမှာပဲ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ဘောလုံး ပြိုင်ပွဲ အားလုံးကို ရပ်နားထားရပြီး ဂျာမနီနိုင်ငံက အသင်းငယ်တွေအနေနဲ့ ပွဲကြည့်တဲ့ နေ့က ဝင်ငွေ နဲ့ ရုပ်သံ ထုတ်လွင့် ဝင်ငွေကို မရတော့တာကြောင့် ငွေကြေး လည်ပတ်ဖို့ အခက်အခဲ ရှိနေပါတယ်။

Photo Credit: Skysports

ဂျာမနီနိုင်ငံက ဘောလုံး ပြိုင်ပွဲတွေ အားလုံးကို လွန်ခဲ့တဲ့ မတ်လ (၁၃) ရက်နေ့ ကတည်းက စတင် ရပ်နားခဲ့ရပြီး ဂျာမနီ ဘောလုံး အဖွဲချုပ်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ ဘောလုံး ပြိုင်ပွဲတွေကို လာမယ့် ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားထားပြီ ဖြစ်တယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခဲ့ကြတဲ့ ဘိုင်ယန်အသင်း၊ ဒေါ့မွန်အသင်း၊ လိုက်ဇစ်အသင်း နဲ့ လေဗာကူဆင်အသင်းတို့ဟာ ဂျာမနီနိုင်ငံမှာ အချမ်းသာဆုံး အသင်း (၄) သင်း ဖြစ်ကြပြီး အသင်းငယ်တွေကို ပေါင် (၁၈) သန်း၊ ကျပ် သန်း (၁သောင်း) ကျော် လှူခဲ့ပါတယ်။ ဂျာမနီ ဘောလုံး အဖွဲ့ချုပ်က ယနေ့ ကြာသပတေးနေ့မှာ ကြီး (၄) ကြီးအသင်းက ပေါင် (၁၈) သန်း လှူဒါန်းခဲ့ကြောင်းကို တရားဝင် ကြေညာခဲ့ပြီး ဘယ်လို ခွဲဝေမလဲ ဆိုတာ ဆုံးဖြတ်ရဦးမှာပါ။