ဒီနေ့ဇွန်လ(၁၇)ရက်နေ့ မနက်အစောပိုင်း (၁၂)နာရီအချိန်မှာတော့ ဂျာမန်ဘွန်ဒစ်လီဂါဘောလုံးပြိုင်ပွဲရဲ့ ပွဲစဥါ(၃၂)ကို ကျင်းပခဲ့ပြီး ပွဲစဉ်(၂၉)ရဲ့ အစပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဝါဒါဘရီမင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ပွဲစဉ်မှာတော့ ဧည့်သည်ဘိုင်ယန်အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ဘွန်ဒစ်လီဂါဆုဖလားကြီးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒီပွဲစဉ်ကို အနိုင်ရလိုက်ရုံနဲ့ ဒီရာသီရဲ့ ဘွန်ဒစ်လီဂါဆုဖလားကြီးကို သိမ်းပိုက်နိုင်တော့မယ့် ဘိုင်ယန်အသင်းဟာ ပွဲပယ်မှုကနေ လွတ်မြောက်လာခဲ့တဲ့ မူလာ လီဝန်ဒေါစကီးတို့ကို နာဘရီ ဂေါ်ရက်ဇ်ကာ ကိုးမန်း ကင်မစ်ချ် ဘိုတန် ပါဗာ အလာဘာ ဒေးဗီစ် နူအာတို့နဲ့ တွဲဖက်အသုံးပြုလာခဲ့ပြီး လူစုံတတ်စုံနဲ့ တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ အိမ်ရှင်အသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ဘိုင်ယန်အနေနဲ့ ဒီပွဲနိုင်လိုက်တာနဲ့ ဒုတိယနေရာက ဒေါ့မွန်ရဲ့ရလဒ်ကိုကြည့်စရာမလိုပဲ ချန်ပီယံတန်းဖြစ်မှာမို့ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် တန်းဆင်းဇုန်ကနေ ရုန်းထွက်မယ့် ဝါဒါဘရီမင်ကလည်း ဘိုင်ယန်ကို အကောင်းဆုံး တုန့်ပြန်ကစားခဲ့ပါတယ်။ ပထမပိုင်းကို ဂိုးမရှိသရေနဲ့ အဆုံးသတ်ဖို့ နီးစပ်ခဲ့ပေမယ့် (၄၃)မိနစ်မှာ လီဝန်ဒေါစကီးက ဘိုင်ယန်အတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့လို့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ပထမပိုင်းပြီးခါနီးမှာ သွင်းဂိုးတစ်ဂိုးနဲ့ စတင်ဦးဆောင်ထားနိုင်တဲ့ ဘိုင်ယန်အသင်းကပဲ ပွဲကိုစိုးမိုးထားနိုင်ပြီး ဒုတိယဂိုးရဖို့လည်း နီးစပ်ခဲ့ပါသေးတယ်။ အိမ်ရှင်ဝါဒါဘရီမင်ကတော့ ပထမပိုင်းမှာ အကောင်းဆုံးတုန့်ပြန်ကစားနိုင်သလောက် ဒုတိယပိုင်းမှာတော့ ဘာမှသိပ်မလုပ်ဆောင်နိုင်တော့ပဲ ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။ (၇၉)မိနစ်အရောက်မှာတော့ ပထမပိုင်းကတည်းက (၁)ဝါထိထားတဲ့ အယ်ဖွန်ဆိုဒေးဗီစ်က ကစားပုံကြမ်းတမ်းခဲ့တာကြောင့် နောက်(၁)ဝါထပ်ပြခံရပြီး ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဝါဒါဘရီမင်တို့ တိုက်စစ်ကို ပိုမိုအသားပေး ကစားလာခဲ့ပေမယ့် ချေပဂိုးတော့ မရယူနိုင်ခဲ့တာကြောင့် ဘိုင်ယန်ပဲ အနိုင်ရခဲ့ကာ ဘွန်ဒစ်လီဂါချန်ပီယံ ဖြစ်ခဲ့ရပါတယ်။