ဒီနေ့ ဇွန်လ(၆)ရက်နေ့ စနေနေ့ညမှာတော့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၃၀)ကို ယှဉ်ပြိုင်ကစားစေတာဖြစ်ပြီး အဲ့ဒီထဲကမှ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့ လေဗာကူဆင်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ကပွဲမှာ ဧည့်သည်ဘိုင်ယန်က ပွဲအစမှာ ဦးဆောင်ဂိုးစတင်ခွင့်ပြုခံလိုက်ရပေမယ့်လည်း အကောင်းဆုံး Comeback နိုင်ပွဲနဲ့ ပြန်လာနိုင်ခဲ့ကာ (၂)ဂိုး (၄)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

Photo Credit : Getty Image

အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လို့နေတဲ့ ဧည့်သည်ဘိုင်ယန်မြူးနစ်အသင်းကတော့ ဒီနောက်ပိုင်းမှာ ပုံမှန်အသုံးပြုနေကြ လူစာရင်းဖြစ်တဲ့ ၄-၂-၃-၁ ကစားကွက်ကိုပဲ ဆက်လက်အသုံးပြုခဲ့ပြီး လီဝန်ဒေါစကီး မူလာ ကိုးမန်း နာဘရီ ဂေါ်ရက်ဇ်ကာ ကင်မစ်ချ် ပါဗာ ဘိုတန် အလာဘာ ဒေးဗီစ် နူအာတို့ကို အသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်လေဗာကူဆင်အသင်းမှာတော့ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်းလ်ဟာဗက်ဇ် ကြွက်သားဒဏ်ရာကြောင့် မပါဝင်နိုင်ပဲ လီယွန်ဘိုင်လီ ဒီအာဘီ အယ်လာရီယို ဘယ်လာရာဘီတို့လို အသင်းရဲ့ အဓိက ကစားသမားတွေနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစ (၁၀)မိနစ်မှာပဲ အိမ်ရှင်ဘက်က အယ်လာရီယိုရဲ့သွင်းဂိုးနဲ့ ဘိုင်ယန်ကို စတင်ဦးဆောင်ခဲ့ပေမယ့်လည်း ဘိုင်ယန်က ကစားပုံကို သေချာကစားရင်းနဲ့ ချေပဂိုးကိုရော အနိုင်ဂိုးတွေကိုပါ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ ဘိုင်ယန်အတွက် သွင်းဂိုးတွေကို ကိုးမန်း ဂေါ်ရက်ဇ်ကာနဲ့ နာဘတို့က (၂၇၊၄၂၊၄၅)မိနစ်တွေမှာ သွင်းယူပေးသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းအစလောက်မှာ (၂)သင်းလုံး ကစားပုံအေးစက်နေပြီး နောက်ပိုင်းမှာတော့ ကစားအားပြန်တတ်လာခဲ့ကာ အကြိတ်အနယ်ပြန်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်လေဗာကူဆင်ရဲ့ တိုက်စစ်ဆင်မှုတွေက သေသပ်မှုမရှိတာကြောင့် ချေပဂိုးပြန်လည်မပိုင်ဆိုင်ရပဲ ဘိုင်ယန်ကသာ နောက်ထပ်အနိုင်ဂိုးကို ထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ (၆၆)မိနစ်မှာ တိုက်စစ်မှူး လီဝန်ဒေါစကီးက အသင်းရဲ့ စတုတ္ထမြောက်ဂိုး သူ့အတွက် ဒီရာသီ လိဂ်ဂိုး(၃၀)မြောက်ဂိုးကို ခေါင်းတိုက်သွင်းယူပေးသွားခဲ့ပါတယ်။ ပွဲပြီးခါနီးလောက်မှာ ဘိုင်ယန်တို့ ကစားပုံတန်ပိုချလိုက်တာကို အိမ်ရှင်ဘက်ကနေ အခွင့်ကောင်းပြီး (၈၉)မိနစ်မှာပဲ ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။