ပြီးခဲ့တဲ့ကြားရက်မှာ ကစားသွားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ပွဲစဉ်အတွင်း အနိုင်ရရှိခဲ့လို့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် အခြေအနေအရမ်းကောင်းသွားခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနေ့ည(၁၁)နာရီအချိန်မှာတော့ ဘွန်ဒစ်လီဂါပွဲစဥါ(၂၉)အဖြစ် တန်းဆင်းဇုန်အတွင်းက ဒစ်ဆယ်ဒေါ့ဖ်အသင်းကို အိမ်ကွင်းအလိုင်းရန့်အရီနာမှာ ဧည့်ခံကစားသွားခဲ့ပြီး အိမ်ရှင်က (၅)ဂိုး ဂိုးမရှိနဲ့ကို ပြတ်ပြတ်သားသား အနိုင်ရယူခဲဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဘိုင်ယန်ကတော့ သူတို့အသင်း အမြဲတမ်းအသုံးပြုနေကြ ၄-၂-၃-၁ ကစားကွက်ကိုပဲ ဆက်လက်သုံးစွဲလာခဲ့ကာ ဘိုတန်နေရာ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ထည့်သွင်းလာခဲ့တာလွဲပြီး ကျန်တဲ့နေရာတွေမှာ အပြောင်းအလဲမလဲဲခဲ့ပဲ လီဝန်ဒေါစကီး မူလာ ဂေါ်ရက်ဇ်ကာ ကင်မစ်ချ် နာဘရီ အလာဘာ ပါဗာ ဒေးဗီစ် နူအာတို့ကို အသုံးပြုလာခဲ့ပါတယ်။ ပွဲစကတည်းက တောက်လျှောက်တိုက်စစ်ဆင်နေတဲ့ ဘိုင်ယန်က (၁၅)မိနစ်မှာ အဖွင့်ဂိုးကို ပိုင်ဆိုင်ခဲ့ပြီး ပါဗာရဲ့ကန်သွင်းချက်က ဒစ်ဆယ်ဒေါ့ဖ်ကစားသမားထိကာ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ (၂၉)မိနစ်မှာလည်း နောက်ခံလူပါဗာကပဲ ကင်မစ်ချ်ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကနေ ဒုတိယမြောက်သွင်းဂိုးကို ထပ်မံရယူခဲ့ပါတယ်။ (၄၃)မိနစ်မှာတော့ ကင်မစ်ချ် မူလာတို့ရဲ့ အချိတ်အဆက်တွေကနေတစ်ဆင့် လီဝန်ဒေါစကီးက တတိယဂိုး ထပ်မံရယူခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဘိုင်ယန်က အသင်းရဲ့ တိုက်စစ်ကို အရှိန်မချသေးပဲနဲ့ ဆက်လက်ဖိအားပေးနေခဲ့ရာ မိနစ်(၅၀)နဲ့ (၅၂)တို့မှာ လီဝန်ဒေါစကီးနဲ့ ဒေးဗီစ်တို့က သွင်းဂိုးတွေ ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။ (၅)ဂိုးပြတ်နဲ့ ပြတ်ပြတ်သားသား ဦးဆောင်နိုင်လိုက်ချိန်မှာတော့ ဘိုင်ယန်က အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ထည့်သွင်းလာခဲ့ပေမယ့် ကစားအားကတော့ လုံးဝမကျသွားပဲနဲ့ ဧည့်သည်အသင်းကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတွေ ဆက်မရတော့ပဲ (၅)ဂိုးပြတ်နဲ့ပဲ အနိုင်ရသွားခဲ့ပါတယ်။