ဂျာမန်ဘွန်ဒစ်လီဂါဆုဖလားကြီးကို (၈)နှစ်ဆက်တိုက် ပိုင်ဆိုင်ခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကိုင်းလ်ဟားဗက်ဇ် လီယွန်ဘေလီတို့လို ကစားသမားကောင်းလေးတွေ ပိုင်ဆိုင်ထားတဲ့ လေဗာကူဆင်အသင်းတို့ဟာ ဒီနေ့ညမှာတော့ ဂျာမန်ပိုကယ်ဖလားဖိုင်နယ်ပွဲကို ဆင်နွဲခဲ့ကြပြီး လက်ရှိချန်ပီယံ ဘိုင်ယန်ကပဲ (၄)ဂိုး (၂)ဂိုးနဲ့ အနိုင်ရဗိုလ်စွဲသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပိုကယ်ဖလားရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ ဘိုင်ယန်က လီဝန်ဒေါစကီး နာဘရီ မူလာ ဂေါ့ရက်ဇ်ကာ ကင်မစ်ချ် ကိုးမန်း ဒေးဗီစ် အလာဘာ ဘိုတန် ပါဗာ နူအာတို့နဲ့ ပွဲထွက်လာခဲ့ပြီး လေဗာကူဆင်အသင်းဘက်မှာ ဟားဗက်ဇ် ဘေလီ ဒီအာဘီ ဘန်ဒါအစရှိတဲ့ ကစားသမားကောင်းတွေ ပါဝင်လာပါတယ်။ ပိုကယ်ဖလားကို (၁၉)ကြိမ်ထိ ပိုင်ဆိုင်ထားဖူးတဲ့ ဘိုင်ယန်က ပွဲအစပိုင်းလောက်မှာသာ လေဗာကူဆင်အသင်းရဲ့ဖိအားပေးမှုကို ခံခဲ့ရတာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ ပုံစံကောင်းပြသလာခဲ့ကာ (၁၆)မိနစ်မှာ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ နောက်ခံလူအလာဘာက ဖရီးကစ်ကနေ သွင်းယူခဲ့တာဖြစ်ပြီး (၂၄)မိနစ်မှာလည်း တောင်ပံကစားသမား နာဘရီက အသင်းအတွက် ဒုတိယသွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းပြန်လည်စတင်ပြီး (၅၉)မိနစ်မှာလည်း လီဝန်ဒေါစကီးက ခပ်လှမ်းလှမ်းကနေ အားပြင်းပြင်းနဲ့ ကန်သွင်းခဲ့ရာ လေဗာကူဆင်ဂိုးသမား ဖမ်းယူပုံ မသေသပ်ခဲ့လို့ တတိယဂိုးကို ထပ်မံခွင့်ပြုလိုက်ရပါတယ်။ ဒါပေမယ့် (၆၃)မိနစ်မှာတော့ ဘန်ဒါက လေဗာကူဆင်အတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးလေးမှာတော့ တိုက်စစ်မှူးကြီးလီဝန်ဒေါစကီးက ပါရီဆစ်ရဲ့ အနီးကပ်ဖန်တီးမှုနေတစ်ဆင့် အပိတ်ဂိုးကို သွင်းယူပြီး ဟားဗက်ဇ်က ပင်နယ်တီကနေ လေဗာကူဆင်အတွက် နှစ်သိမ့်ဂိုးသွင်းယူခဲ့လို့ ဘိုင်ယန်ကပဲ ဖလား(၂)လုံး ချန်ပီယံဖြစ်သွားခဲ့ရပါတယ်။