ဒီနှစ်ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း လက်ရှိကျင်းပထားခဲ့တဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲအထိ ခံစစ်ပိုင်းကနေ ပေးဂိုး(၁)ဂိုးသာရှိခဲ့ပြီး တိုက်စစ်က စုစုပေါင်း သွင်းဂိုး(၁၇)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းထားခဲ့တဲ့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုရယူဖို့ နီးစပ်လျက်ရှိနေသလို ဒီအသင်းရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို အဟန့်အတား လုပ်ဆောင်နိုင်မယ့် ကလပ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းပဲ ရှိနေတယ်လို့ အိုဝင်ဟားဂရေစ့်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ရမှတ်ပြတ်ပြတ်သားသားနဲ့ ဦးဆောင်နေတဲ့အပြင် လိဂ်ဖလားမှာ ဖိုင်နယ်အထိ တတ်ရောက်ထားပြီး ချန်ပီယံလိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေမှာပါ ကွာတားဖိုင်နယ်အဆင့်တွေဆီကို အသီးသီးတတ်ရောက်ထားခဲ့တာကြောင့် ဖလား(၄)လုံး မျှော်လင့်ချက်တွေ အားကောင်းလျက်ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း အသင်းရဲ့ အဓိကမျှော်လင့်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို အရယူဆောင်နိုင်ဖို့ အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး မန်စီးတီးရဲ့ ဥရောပချန်ပီယံလိဂ် အိမ်မက်တွေကိုလည်း လက်ရှိချန်ပီယံဖြစ်တဲ့ ဘိုင်ယန်တစ်သင်းတည်းသာ ဟန့်တားနိုင်လိမ့်မယ်လို့ နှစ်သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကစားသမားဟောင်း ဟားဂရေစ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ဟားဂရေစ့်က “လက်ရှိချန်ပီယံက ချန်ပီယံဆုကို ထပ်မံကာကွယ်နိုင်မလားဆိုတာနဲ့ပတ်သက်ပြီး ဒီအသင်းမှာ အားနည်းချက် တစ်စုံတစ်ရာ မရှိတော့ဘူးဆိုတာကိုတော့ ကျွန်တော်မထင်မိပါဘူး။ ဒါက စီးတီးအတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့နှစ်တွေမှာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပေမယ့် အခု သူတို့ရဲ့ Tempo က အမြင့်မားဆုံးကို ရောက်ရှိနေတယ်။ ဂိုးတွေလည်း မပေးရပဲနဲ့ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် သွင်းယူနေပါတယ်။ ဒီနေ့ညပွဲမှာလည်း သူတို့အသင်းက နံပါတ်(၁၀)နေရာ ကစားသမား(၄)ယောက်လောက်ကို အသုံးပြုသွားတယ်။ အရင်လို နှစ်ကျော့ပေါင်းရလဒ်နဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာမျိုးတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်မမြင်ပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ (၂၂)ပွဲမှာလည်း (၂၁)ပွဲအထိကို သူတို့အနိုင်ယူခဲ့တယ်။ ဒါက သူတို့အသင်းရဲ့ အားရစရာကောင်းတဲ့ အချက်အလက်ပါ။ ဒီအသင်းကို ဟန့်တားနိုင်မယ့် တစ်သင်းတည်းသောအသင်းက ဘိုင်ယန်မြူးနစ်လို့ပဲ ကျွန်တော်ထင်မိတယ်။ ဒီတစ်သင်းတည်းကိုပဲ ကျွန်တော်မြင်ထားတယ်။ စီးတီးက ယူနိုက်တက်နဲ့ ကစားခဲ့တုန်းကလို ကံဆိုးတဲ့နေ့မျိုး ထပ်ကြုံလာခဲ့ရရင်လည်း အဲ့ဒီပွဲကလို ရလဒ်ဆိုးသွားနိုင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။