ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အတွက် ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ဆက်သွယ် မေးမြန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်တိုက်စစ် ကစားသမား ဖာနန်ဒက်စ်ဟာ စပို့တင်း လစ္စဘွန်းကနေ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကတည်းကနေ အခုအချိန်ထိ ယူနိုက်တက်အတွက် အရေးအပါဆုံး ကစားသမား အားအထားရဆုံး ကစားသမား ဖြစ်နေပြီး ဖာနန်ဒက်စ် ကိုယ်တိုင်ကလည်း အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားနိုင်ခဲ့ပါတယ်။

Photo Credit : talkSPORT

အခုဆိုရင် ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု (၃)ကြိမ်အထိ ပိုင်ဆိုင်ထားခဲ့သလို အသင်းနဲ့လည်း အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့ကို ဆွတ်ခူးထားခဲ့ပြီး ယူနိုက်တက်အသင်းအတွက် မရှိမဖြစ် ကစားသမားပါ ဖြစ်လို့နေပါတယ်။ ဖာနန်ဒက်စ် ကိုယ်တိုင်ကလည်း ယူနိုက်တက်မှာ ဆက်လက် ကစားနေရဖို့သာ သူရဲ့ အိမ်မက်ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။

ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဖာနန်ဒက်စ်ရဲ့ အေးဂျင့်ဖြစ်သူက ဥရောပထိပ်သီး ကလပ်အသင်းများစွာနဲ့ တွေ့ဆုံခဲ့ပြီး သူ့ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်တာတွေကို ဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Transfermarket

ဒီသတင်းရဲ့ နောက်ဆက်တွဲအနေနဲ့ ဖာနန်ဒက်စ်ရဲ့ အေးဂျင့် မီကွယ် ပင်ဟိုဟာ နံပါတ်(၁၀) ကစားသမားတစ်ဦး လိုအပ်နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ ပေါ်တူဂီ ဘောလုံးသတင်းထောက်ဖြစ်သူက သတင်းဖော်ပြလာခဲ့သလို ဘိုင်ယန်လိုပဲ ဘာစီလိုနာအသင်းကလည်း ဖာနန်ဒက်စ်ကို သူတို့အသင်းဆီ ခေါ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

တကယ်တော့ ဖာနန်ဒက်စ်ဟာ မကြာခင်မှာ ဆင်နွဲသွားရတော့မယ့် ယူရို-၂၀၂၄ ပြိုင်ပွဲကြီးအတွက်နဲ့ လက်ရှိကလပ် ယူနိုက်တက်အသင်းအတွက်သာ အာရုံစိုက်ထားတယ် ဆိုပေမယ့်လည်း အသင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ နည်းပြအပြောင်းအလဲတွေ အသင်းရဲ့ စီမံကိန်းတွေကို အတိအကျ သိရှိပြီးမှသာ သူ့အနာဂတ်အတွက် တိတိကျကျ ဆုံးဖြတ်ချက် ချမှတ်လာနိုင်ပါတယ်။