ဒီနှစ်ဘောလုံးရာသီအကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် စပိန်ကွင်းလယ်ကစားသမား လူးကပ်စ်ဗက်ဇ်ကေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ အပြိုင်ကြိုးပမ်းကြလျက်ရှိရာ လက်ရှိအချိန်မှာတော့ ဗက်ဇ်ကေးဟာ ဂျာမန်အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်လာခဲ့ပြီလို့ စပိန်သတင်းစာ AS ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : GiveMeSport

အသက်(၂၉)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား ဗက်ဇ်ကေးဟာ အသက်(၁၆)နှစ်အရွှယ်မှာပဲ ရီးရဲလ်လူငယ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၄ခုနှစ်မှာတော့ အက်စပန်ညိုအသင်းဆီ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ကာ သူရဲ့စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပါတယ်။ အက်စပန်ညိုမှာ တစ်ရာသီ ပါဝင်ခဲ့ပြီးနောက်မှာတော့ ဗက်ဇ်ကေးဟာ ရီးရဲလ်စီနီယာကစားသမားဘဝကို စတင်နိုင်ခဲ့ပြီး အသင်းနဲ့လည်း ဆုဖလားအောင်မြင်မှုများစွာကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းပွဲတွေမှာ ဗက်ဇ်ကေးရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်လာခဲ့သလို အသင်းဘက်ကနေလည်း သူ့ကို စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ်မရှိတာကြောင့် ကစားသမားဘက်က အသင်းနဲ့ လမ်းခွဲဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Cadena SER

စပိန်လာလီဂါပြိုင်ပွဲမှာ (၆)နှစ်လောက် ကျင်လည်ခဲ့ဖူးတဲ့ ဗက်ဇ်ကေးကို လာလီဂါကလပ်အသင်းများစွာအပြင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ် အာဆင်နယ် စပါးအသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး လက်ရှိမှာတော့ ဗက်ဇ်ကေးနဲ့ ကောလဟာလသတင်းတွေ သိပ်ထွက်လေ့မရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဗက်ဇ်ကေးကို ခေါ်ယူသွားဖို့ အခြေအနေကောင်းနေပြီဆိုတဲ့ သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ယခင်ကလည်း ရီးရဲလ်ကစားသမားတွေဖြစ်တဲ့ ဇာဗီအလွန်ဆို အာဂျန်ရော်ဘင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ကိုလည်း ခေါ်ယူခဲ့ပြီးသလို အခုလည်း ရီးရဲလ်နဲ့ လက်တွဲဖြုတ်တော့မယ့် လူးကပ်စ်ဗက်ဇ်ကေးကိုပါ ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး ဘိုင်ယန်ဘက်ကနေ ဗက်ဇ်ကေးကို ပွဲထွက်ကစားခွင့်တွေ အများအပြား ပေးသွားမယ်လို့လည်း သိရပါတယ်။ ဗက်ဇ်ကေးဟာ ရီးရဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃)ကြိမ် လာလီဂါဖလား (၂)ကြိမ် ဥရောပစူပါဖလား (၂)ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား (၃)ကြိမ် ရယူထားခဲ့ပြီး အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံမှာ (၂၃၇)ပွဲအထိ ပါဝင်ကစားထားပါတယ်။