MySport Myanmar

ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းထဲမှာ ဘိုင်ယန်မြူးနစ်ပါ ပါဝင်

မန်ချက်စတာ ယူနိုက်တက်အသင်းမှာ နေရာပျောက်နေတဲ့ တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းက ထင်မှတ်မထားဘဲ စိတ်ဝင်စားလာကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာခဲ့ရင် ရပ်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အသင်းဖော် ဟယ်ရီကိန်းနဲ့ အတူတူ တွဲဖက်ကစားရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရှိတော့ဘူးဆိုတာ ထင်ရှားနေပါတယ်။ မန်ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်က သူ့ကို အသင်းအတွက် အပိုလူအဖြစ် သတ်မှတ်ခဲ့ပြီးနောက် ရပ်ရှ်ဖို့ဒ်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အက်စတွန် ဗီလာအသင်းထံ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရပါတယ်။

Photo Credit : Football365

သူဟာ ဗီလာကစားသမားဘဝမှာ ၂၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၄ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ West Midlands မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့် ရာသီကုန်ပိုင်းမှာတော့ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် နည်းပြ အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းက ရပ်ရှ်ဖို့ဒ်ကို အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခဲ့ခြင်း မရှိပါဘူး။

လာမယ့်ရက်သတ္တပတ်တွေအတွင်း ရပ်ရှ်ဖို့ဒ်တစ်ယောက် အသင်းပြောင်းရွှေ့ဖို့ သေချာနေပြီး ဗြိတိန်အခြေစိုက် The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဘွန်ဒက်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဘိုင်ယန်အသင်းဟာ လီဗာပူးလ် တောင်ပံကစားသမား လူးဝစ် ဒီယက်ဇ်ကိုလည်း ချိတ်ဆက်နေတဲ့ အသင်းဖြစ်ပါတယ်။

Photo Credit : Eurosport

အသက် ၂၇ နှစ်အရွယ် ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကလည်း သူ့ရဲ့ဇာတိမြေ အင်္ဂလန်ပြင်ပမှာ စိန်ခေါ်မှုအသစ်တွေကို ပိုပြီးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူ့ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေတဲ့ ဘာစီလိုနာအသင်းဆီက တရားဝင်ကမ်းလှမ်းမှု လာမလားဆိုတာကို စောင့်ဆိုင်းနေပါတယ်။ တကယ်လို့ ဘာစီလိုနာဘက်က ကမ်းလှမ်းမှု မလုပ်ခဲ့ဘူးဆိုရင်တော့ ဂျာမနီမြေကို ပြောင်းရွှေ့ဖို့က သူ့အတွက် ပိုပြီး ဆွဲဆောင်မှုရှိလာနိုင်ပါတယ်။

မန်ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားတစ်ဦးကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့အတွက် ပေါင်သန်း ၄၀ အလိုရှိနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းလာမယ့် သဘောတူညီချက်တွေအပေါ် မူတည်ပြီး အငှားစာချုပ် (သို့မဟုတ်) ကစားသမားအလိုက်ပေး ကမ်းလှမ်းမှုတွေကိုလည်း စဉ်းစားဖွယ်ရှိကြောင်း သတင်းတွေအရ သိရပါတယ်။

Exit mobile version