ဂျာမန်ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ဂျာမန်တောင်ပံကစားသမား လီရွိုင်းဆာနေးနဲ့ စာချုပ်ချုပ်နေတဲ့ ဓါတ်ပုံတွေကို မနေ့ညကပဲ (အတိအကျပြောရမယ်ဆိုရင် မန်စီးတီးနဲ့ လီဗာပူးလ်ပွဲစတင်ချိန်လောက်က) အသင်းရဲ့ အာရေဗျ Version Page မှာ ဖော်ပြခဲ့မိပြီး ဒါဟာ အသင်းနှစ်သင်းကြား ကစားသမား အပြောင်းအရွှေ့ကိစ္စကို တရားဝင်ထုတ်ပြန် မကြေညာရသေးပဲနဲ့ အခုလို ဖော်ပြခဲ့မိတာဖြစ်လို့ ဘိုင်ယန်မြူးနစ်အသင်းဘက်ကနေ မန်စီးတီးအသင်းကို တောင်းပန်မှုတွေ ပြန်လည်ပြုလုပ်သွားခဲ့ရပါတယ်။

Photo Credit : Mirror

Bavarian Tweet တွစ်တာစာမျက်နှာပေါ်ကနေ ဆာနေးနဲ့ ဘိုင်ယန်အသင်းတို့ရဲ့ စာချုပ်ချုပ်ဆိုနေတဲ့ ဓါတ်ပုံတွေအပြင် ဘိုင်ယန်ဝတ်စုံကို ဝတ်ဆင်ပြီး ဓါတ်ပုံရိုက်ကူးနေတဲ့ ဆာနေးရဲ့ပုံတွေကိုပါ အပြောင်းအရွှေ့ တရားဝင်မထုတ်ပြန်ရသေးချိန် ဖော်ပြခဲ့မိတာကြောင့် ဘိုင်ယန်ဘက်ကနေ မန်စီးတီးကို တောင်းပန်လိုက်ရတာဖြစ်ပါတယ်။ ဆာနေးဟာ မနေ့ကတည်းက ဂျာမန်နိုင်ငံ မြူးနစ်မြို့ဆီကို ရောက်ရှိနေတာဖြစ်ပြီး ဘိုင်ယန်မှာ ဆေးစစ်မှုခံယူခဲ့ပြီး စာချုပ်ကိစ္စတွေကိုလည်း အပြီးသတ်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Dkoding

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တောင်ပံကစားသမား ဆာနေးဟာ ၂၀၁၆ခုနှစ်ကမှ ရှော်ကေးအသင်းကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား(၂)ကြိမ် အက်အေဖလား(၁)ကြိမ် လိဂ်ဖလား(၁)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း(၂)ကြိမ် ဆွတ်ခူးခဲ့သလို PFA ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဆာနေးဟာ မန်စီးတီးကနေ ဘိုင်ယန်ကို ပြောင်းရွှေ့ကြေး ပေါင်(၅၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင်(၃၈၅၀၀၀)အထိ ရရှိမှာဖြစ်ကာ (၅)နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်ကလည်း ဆာနေးကို ရှော်ကေးအသင်းမှာ ကစားနေစဉ်အတွင်းကတည်းက ခေါ်ယူချင်နေတာဖြစ်ပြီး အသင်းမှာ ရော်ဘင် ရီဘာရီတို့လို ဝါရင့်တောင်ပံကစားသမားတွေ မရှိတော့တဲ့နောက်ပိုင်း ဆာနေးကို သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် ခေါ်ယူဖို့ အကြိမ်ကြိမ်ကြိုးစားလာခဲ့ရာ အခုတော့ အောင်မြင်စွာနဲ့ကို ခေါ်ယူနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။