ဒီနှစ်ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါချန်ပီယံဆုအတွက် စိန်ခေါ်သူအသင်းတစ်သင်းအဖြစ် တည်ရှိလာခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ ရာသီအစမှာ ရလဒ်တွေ မတည်ငြိမ်ခဲ့လို့ အမှတ်ပေးဇယားထိပ်ပိုင်းနဲ့ အနည်းငယ်အလှမ်းဝေးခဲ့ရပေမယ့်လည်း နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့တဲ့ ဘွန်ဒက်လီဂါရဲ့လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းတို့ ဒီနေ့ညမှာ ဘွန်ဒက်လီဂါ ပွဲစဉ်(၂၁)အဖြစ် ရင်ဆိုင်ကစားခဲ့ကြပြီး ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒီဇင်ဘာလလယ်ပိုင်းလောက်ကနေ တောက်လျှောက်ကို နိုင်ပွဲတွေရယူလာခဲ့တဲ့ အိမ်ရှင်ဘိုင်ယန်အသင်းဟာ လီဝန်ဒေါစကီး မူလာ နာဘရီ အယ်ကန်တာရာ ဂေါ်ရက်ဇ်ကာ ကင်မစ်ချ် ပါဗာ ဘိုတန် အလာဘာ ဒေးဗီစ် နူအာတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဧည့်သည်လိုက်ပ်ဇစ်အသင်းကလည်း ဝါနာ အန်ကူကူ အိုလ်မိုတို့လို အသင်းရဲ့အမာခံကစားသမားတွေကို အသုံးပြုလာခဲ့ပြီး အိမ်ရှင်အသင်းကို အကောင်းဆုံးရင်ဆိုင်ကစားသွားခဲ့ပါတယ်။ ပွဲအစ ၄မိနစ်လောက်မှာပဲ အယ်ကန်တာရာရဲ့ကန်ချက်နဲ့ ဂိုးစတင်ရလုနီးပါး ဖြစ်ခဲ့တဲ့ ဘိုင်ယန်အသင်းဟာ ပထမပိုင်းတစ်ပိုင်းလုံးမှာ လိုက်ပ်ဇစ်ဘက်ကို ဖိဖိစီးစီး ကစားနိုင်ခဲ့ပေမယ့်လည်း ဘိုင်ယန်ရဲ့တိုက်စစ်ဆင်မှုတွေထဲကမှ ၂ကြိမ်သာ ဂိုးပေါက်တည့်မတ်ခဲ့ပြီး ကန်ချက်အများစုက ဖြတ်ထုတ်ကာကွယ်ခံခဲ့ရပါတယ်။ လိုက်ပ်ဇစ်အသင်းကလည်း တိုက်စစ်ထက် ခံစစ်ပိုင်းမှာသာ အချိန်ကုန်နေရတာမို့ ခံစစ်ပိုင်းကို ဂရုတစိုက် ကစားခဲ့လို့ ဘိုင်ယန်တို့ စိတ်ကြိုက်ထိုးဖောက်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပထမပိုင်းကို ဂိုးမရှိသရေပဲကျခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ ဧည့်သည်လိုက်ပ်ဇစ်အသင်းက ဘိုင်ယန်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး တိုက်စစ်ဆင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပေမယ့်လည်း ၅၄မိနစ်မှာ လီဝန်ဒေါစကီးကြောင့် ဘိုင်ယန်တို့ ပင်နယ်တီကန်ခွင့် ပိုင်ဆိုင်ခဲ့ရပါတယ်။ ကံဆိုးတာကတော့ VAR နဲ့ စစ်ဆေးလိုက်ရမှာ လီဝန်ဒေါစကီးက ပြစ်ဒဏ်ကျူးလွန်မခံရခင်မှာ လူကျွံနေတာကြောင့် ပင်နယ်တီကိုပါ ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ ဧည့်သည်လိုက်ပ်ဇစ်က တိုက်စစ်ဆင်ခွင့်တွေ ပိုမိုပိုင်ဆိုင်ခဲ့ပေမယ့် အသင်းနှစ်သင်းကြားမှာတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ဂိုးကန်ချက်တွေ မရှိသလောက် နည်းခဲ့ပါတယ်။ ဝါနာရဲ့ကန်ချက် လွဲချော်မှုနဲ့ ဂေါ်ရက်ဇ်ကာရဲ့ဂိုးသမားနဲ့ One-by-one အတွေ့ဂိုးကန်ချက်က ဂိုးမဝင်ခဲ့တာလောက်ပဲ စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ပါတယ်။ ပွဲပြီးချိန် ဘယ်အသင်းကမှ ဂိုးတွေမသွင်းယူနိုင်တော့တာကြောင့် ဂိုးမရှိသရေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။