ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားဟောင်း ဖီလစ်လမ်းကတော့ ဘိုင်နယ်အသင်းဟာ နည်းပြ ပက် ဂွါဒီယိုလာရဲ့ တီကီတာကာ ကစားကွက်ကို ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်ပြီး လက်ရှိအချိန်မှာ ကိုယ်ပိုင်တန်ဖိုးနဲ့ ကစားနေကြပြီ ဖြစ်တယ်လို့ Sport Bild သတင်းမှာ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဟန်ဆစ် ဖလစ်ခ်ရဲ့ ဘိုင်ယန်အသင်းဟာ (၂၀၁၉-၂၀) ရာသီကုန်ခါနီး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၁၁) ပွဲဆက် အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းကို (၁-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ဥရောပရဲ့ အမြင့်ဆုံး ချန်ပီယံလိဂ် ဖလားကိုလည်း ရရှိခဲ့ပါတယ်။

Photo Credit: Goal

ဘိုင်ယန်အသင်းဟာ လက်ရှိရာသီမှာ တိုက်စစ်ဖွင့် ကစားလာခဲ့တာ ဖြစ်ပြီး တစ်ရာသီအတွင်း ဘွန်ဒက်စ်လီဂါ ဆုဖလား၊ ဂျာမန် ပိုကယ် ဖလား နဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရရှိခဲ့တာကြောင့် အသင်းရဲ့ သမိုင်းမှာ တစ်ရာသီအတွင်း ဒုတိယအကြိမ်မြောက် ဆုဖလား (၃) ခု ရရှိခဲ့ပါတယ်။ ဘိုင်ယန်အသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် ကစားခဲ့စဉ်က နောက်ဆုံး မိနစ်အထိ တိုက်စစ်ဖွင့်ကစားခဲ့တာ ဖြစ်ပြီး ဘိုင်ယန် ကစားသမားဟောင်း ဖြစ်သူ ဖီလစ်လမ်းကတော့ ဘိုင်ယန်အသင်းဟာ နည်းပြ ဂွါဒီယိုလာရဲ့ တီကီတာကာ ကစားကွက်ကို ပြောင်းလဲခဲ့ပြီလို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Sport Bild သတင်းမှာ ဖီလစ်လမ်းက “(၂၀၁၃) ခုနှစ် နောက်ပိုင်း ချန်ပီယံလိဂ် ပြန်ရရှိသွားတာက ဘိုင်ယန်အသင်း အဆင့် အများကြီး ပြောင်းလဲနိုင်ခဲ့ပြီ ဆိုတာပါပဲ။ သူတို့ အပြောင်းအလဲ ပြုလုပ်လိုက်တဲ့ အချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ ကစားခဲ့ကြပါတယ်။ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ မြင်ရတာက အတွေးအခေါ်သစ်တွေ ပေါ်လာပြီ ဆိုတာပါပဲ။ ကစားကွက်ကလည်း လုံးဝကို ပြောင်းလဲသွားခဲ့ပြီ။ နည်းပြ ဂွါဒီယိုလာ အသုံးပြုခဲ့တဲ့ ပြီးပြည့်စုံတဲ့ ကစားကွက်လည်း ပြေင်းလဲခံရပြီ။ အခုခေတ်ကတော့ တီကီတာကာ ကစားကွက်ကို ရှောင်လာကြပါပြီ။ စိတ်ပြင်းပြမှု၊ စိတ်အားထက်သန်မှု နဲ့ ကြံခိုင်မှုက လိုအပ်ပြီး ဥပမာ လီဗာပူးလ်အသင်း၊ ပီအက်စ်ဂျီအသင်း၊ ဘိုင်ယန်အသင်းတို့တွေပါ”လို့ ပြောခဲ့ပါတယ်။