ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကတော့ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့တဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးရဲ့ နေရာအတွက် လီဗာပူး တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ ပြင်ဆင်နေသလို မာနေးကို ခေါ်ယူနိုင်မှသာ လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ပိုလန်အသင်းခေါင်းဆောင် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီးကို စာချုပ်သက်တမ်း တိုးဖို့ ကြိုးစားခဲ့ပေမယ့် လီဝမ်ဒေါစကီး ကတော့ စာချုပ်သစ်ကို ငြင်းဆန် ပယ်ချခဲ့သလို လာမယ့် နွေဈေးကွက်မှာ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ပါ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုခဲ့ပါတယ်။

Photo Credit: ESPN

လက်ရှိအချိန်မှာတော့ စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘာစီလိုနာက လီဝမ်ဒေါစကီးကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားသလို လီဝမ်ဒေါစကီးကလည်း ဂျာမန်မြေကို စွန့်ခွာကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေတာကြောင့် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးကို လက်လွှတ်ဖို့ ဆန္ဒမရှိပဲ လီဝမ်ဒေါစကီးရဲ့ အသင်းကနေ ထွက်ခွာခွင့် ပေးဖို့ တောင်းဆိုမှု အပြီးမှာ ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့က အရေးပေါ် အစည်းအဝေး တခုကို ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှာ သူတို့က လီဗာပူး တိုက်စစ်မှူး မာနေးကို ခေါ်ယူနိုင်ခဲ့ရင် လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ချက် ချခဲ့ကြောင်း နာမည်ကြီး ဂျာမန်သတင်းထောက် ဖော့ခ်က ဖော်ပြသွားခဲ့ပါတယ်။

Photo Credit: ESPN

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရလည်း ဘိုင်ယန်မြူးနစ်က မာနေးကို ခေါ်ယူဖို့ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဘီဇီမာနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေသလို မာနေးက သူတို့အသင်းထံ ပြောင်းရွှေ့လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း သိရပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး ဆာဒီယို မာနေးဟာ လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က မာနေးအတွက် ပြောင်းရွှေ့ကြေး ပေါင်၄၀သန်း ဝန်းကျင် သုံးစွဲရနိုင်ပါတယ်။