ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ဖြစ်တဲ့ စပါးကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင် ၇၀သန်းနဲ့ စတင် ကမ်းလှမ်းတော့မယ်လို့ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနက အခိုင်အမာ ဖော်ပြလာပါတယ်။

ဘိုင်ယန်မြူးနစ်က ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာ အဓိက တိုက်စစ်မှူး လီဝန်ဒေါစကီးကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် အားကိုးရတဲ့ အထောင်တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်ကတော့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို သူ့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Goal

အသက် ၂၉နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက စပါးအတွက် ဆယ်စုနှစ် တစု ကစားပေးခဲ့ရာ ပြိုင်ပွဲစုံ ၄၃၅ပွဲမှာ သွင်းဂိုး ၂၈၀ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၆၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူပါ။

ဟယ်ရီကိန်းက စပါးရဲ့ သမိုင်းတလျှောက် ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် အခုချိန်အထိ စပါးနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသေးသလို ဟယ်ရီကိန်းနဲ့ စပါးတို့ရဲ့ စာချုပ်သက်တမ်းကလည်း ၁နှစ်သာ ကျန်ပါတော့တယ်။

Photo Credit: The Sun

ဒါကြောင့်ပဲ ဟယ်ရီကိန်းက ယခု နွေဈေးကွက် အတွင်းမှာ ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်ကလည်း ဟယ်ရီကိန်းကို အရ ခေါ်ယူပေးဖို့ ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့ထံ တိုက်တွန်းထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်က ဟယ်ရီကိန်းနဲ့ ပဏာမ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဟယ်ရီကိန်းအတွက် စပါးထံ ပြောင်းရွှေ့ကြေး ပေါင် ၇၀သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ဖို့ ပြင်ဆင်နေပြီး စပါးကတော့ ဘိုင်ယန်မြူးနစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ ရာခိုင်နှုန်း များနေပါတယ်။