ဂျာမန် ဘွန်ဒက်လီဂါရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး လိုသာ မာသီးယပ်စ် ကတော့ အသင်းရဲ့ နည်းပြဟောင်း တစ်ဦးလည်း ဖြစ် ၊ လက်ရှိ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးအသင်းရဲ့ နည်းပြလည်း ဖြစ်တဲ့ ဂွာဒီယိုလာဟာ အတ္တကြီးလွန်းတဲ့ နည်းပြ ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။ လိုသာ မာသီးယပ်စ်ဟာ ဂျာမန် နာမည်ကြီး သတင်းစာ Sport BILDနဲ့ တွေ့ဆုံကာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာရဲ့ အကြောင်းကို ဖွင့်ဟ ပြောဆိုသွားခဲ့တာ ဖြစ်ပြီး ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာအသင်း ကနေ ထွက်ခွာလာပြီးတဲ့နောက် ချန်ပီယံလိဂ် ဖလားကို မရတော့တာဟာ သူ့ရဲ့ အတ္တကြီးမှုကြောင့် ဖြစ်တယ် လို့ ပြောသွားခဲ့တာပါ။

Photo Credit: Yahoo Sport

မန်စီးတီးအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ ဂွာဒီယိုလာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာလာခဲ့ အပြီးမှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ မန်စီးတီးအသင်းတို့လို အင်အားကြီး အသင်းတွေကို ကိုင်တွယ်ခဲ့ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်ခဲ့ရပြီး အမြင့်မားဆုံး အနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကိုသာ တက်ရောက်နိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟောင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်း ကတော့ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူ ဆွတ်ခူးနိုင်ခဲ့ပြီး မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ကာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ကနေ ထွက်ခွာခဲ့ရတာပါ။ လိုသာ မာသီးယပ်စ် ကတော့ ဂွာဒီယိုလာအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်မစွဲတော့တာဟာ အတ္တကြီးလွန်းတာကြောင့် ဖြစ်တယ် လို့ ပြောကြားသွားပါတယ်။

Photo Credit: Yahoo Sport

ဂွာဒီယိုလာရဲ့ အတ္တကြီးမှုအပေါ် လိုသာ မာသီးယပ်စ်က ” ဂွာဒီယိုလာနဲ့ အတူ ရှိနေတဲ့အချိန်တုန်းက တကယ့် ပွဲကြီးပွဲကောင်းတွေမှာ ဆိုရင် သူဟာ ထူးခြားတဲ့အရာ တစ်ခုခုကို လုပ်ဆောင်ချင်နေတယ် ဆိုတဲ့ ခံစားချက်တွေကို ကျွန်တော် ခံစားခဲ့ရပါတယ်။ ဘာစီလိုနာအသင်းမှာ သူဟာ တိကျတဲ့ ကစားကွက်တစ်ခု ပုံဖော်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ များစွာ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးမှာတော့ သူဟာ ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ကြိုးစားရင်းနဲ့ တစ်ကြိမ်ပြီး တစ်ကြိမ် ကျရှုံးနေရပါတယ် ”

Photo Credit: Yahoo Sport

” သူက အမြဲတမ်း သူဟာ ပိုပြီး ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်နိုင်သူ ဖြစ်ကြောင်း သက်သေပြလိုနေပါတယ်။ ကျွန်တော် သူ့ကို အကြံတစ်ခု ပေးချင်ပါတယ်။ ပပ် – ခင်ဗျားဟာ အရမ်းကောင်းတဲ့ လေ့ကျင့်ပေးသူ တစ်ဦးပါ။ ဒါပေမယ့် ခင်ဗျားရဲ့ ကစားကွက်ကိုပဲ ထိန်းသိမ်း ထားသင့်ပါတယ်။ ကျွန်တော်ကတော့ ဂွာဒီယိုလာရဲ့ စိတ်ဓာတ်ကို အတ္တကြီးတယ် လို့ပဲ ခေါင်းစဥ် တပ်ချင်ပါတယ်။ ဟုတ်ပါတယ်။ ဒီစကားက နည်းနည်းတော့ ကြမ်းတမ်းပါတယ်။ ဒါပေမယ့် သူလုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ဒီလို ပြောရတာပါ။ ဘိုင်ယန်မြူးနစ်မှာ သူရှိနေတုန်းက လီဝမ်ဒေါစကီးတောင် တောင်ပံမှာ ထွက်ကစားခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီအစီအစဉ်ဟာလည်း အလုပ် မဖြစ်ခဲ့ပါဘူး ” လို့ ပြောသွားခဲ့တာပါ။