ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ရောင်းထုတ်ပြီး အစဉ်အလာ ပြိုင်ဘက် ဒေါ့မွန်အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ယနေ့မနက်ပိုင်းမှာပဲ အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးဟာ ဒေါ့မွန်အသင်း ကနေ ဘိုင်ယန်မြူးနစ်အသင်းထံ တိုက်ရိုက် ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၅၈ပွဲ ကစားပေးထားရာ သွင်းဂိုး ၃၂၃ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈၉ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: AS English

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးကို လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် အများက သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်အသင်းကသာ သူ့ကို ရောင်းထုတ်မယ် ဆိုပါက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပါတယ်။

တဖက်မှာတော့ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် လူငယ်ကြယ်ပွင့် ဟာလန်းဟာ ဒေါ့မွန်အသင်းနဲ့အတူ အစွမ်းကုန် တောက်ပနေပေမယ့် လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ တာစူနေတဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: AS English

ဘိုင်ယန်မြူးနစ်အသင်းနဲ့ နီးစပ်တဲ့ ဂျာမန် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဟာလန်းရဲ့ အပြောင်းအရွှေ့ကိစ္စ အတွက် အစည်းအဝေး တခု ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးမှာပဲ လီဝမ်ဒေါစကီးကို ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင်နဲ့ ရောင်းထုတ်ကာ ဟာလန်းကို ခေါ်ယူရန် ကြိုးစားဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဟာလန်းကို ခေါ်ယူဖို့ အတွက် ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ ပီအက်စ်ဂျီ ၊ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး စတဲ့ အသင်းတွေက အပြိုင်အဆိုင် ကြိုးပမ်းနေကြပြီး ဘိုင်ယန်မြူးနစ်အသင်း အနေနဲ့ ဟာလန်းကို ခေါ်ယူချင်ပါက အစွမ်းကုန် ကြိုးစားအားထုတ်ဖို့ လိုအပ်ပါလိမ့်မယ်။