ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ဟာ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ရော်ဘတ် လီဝမ်ဒေါစကီးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းထုတ်ပြီး အဓိကပြိုင်ဘက် ဒေါ့မွန်ရဲ့ လူငယ် တိုက်စစ်မှူး အာလင်း ဟာလန်းကို ခေါ်ယူဖို့ စီစဉ်နေကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေနဲ့ ဥရောပ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန် အသင်းခေါင်းဆောင် လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့လည်း စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမားပါ။

Photo Credit: 90 Min

ဒါကြောင့်ပဲ လီဝမ်ဒေါစကီးဟာ သူ့ရဲ့ ကစားသမား ဘဝကို ဘိုင်ယန်မြူးနစ်မှာပဲ အဆုံးသတ်မလား ၊ ဒါမှမဟုတ် သူ့ရဲ့ အိမ်မက်အသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် စတဲ့ အသင်းတွေဆီ ပြောင်းရွှေ့ ကစားကာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်မလား ဆိုတာကို မကြာခင်မှာပဲ စဉ်းစား ဆုံးဖြတ်ရဖို့ ရှိနေပါတယ်။

နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာန ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ဟာ အသက်အရွယ် ရလာတဲ့ လီဝမ်ဒေါစကီးကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေကာ စာချုပ်သစ် ချုပ်ဆိုဖို့ထက် ဒေါ့မွန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဟာလန်းကို စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်း ပေးချေကာ ခေါ်ယူဖို့ ပိုမို အလေးပေး ဆောင်ရွက်နေပြီး ဟာလန်းကို မခေါ်နိုင်မှသာ လီဝမ်ဒေါစကီးကို စာချုပ်သစ် ချုပ်ဆိုဖို့ စဉ်းစားမယ်လို့ သိရပါတယ်။

Photo Credit: 90 Min

ဥရောပအခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနကလည်း ဘိုင်ယန်မြူးနစ်ဟာ လီဝမ်ဒေါစကီးကို ရောင်းထုတ်ပြီး ဟာလန်းကို ပြန်လည် ခေါ်ယူဖို့ ကြံစည်နေကြောင်း ထပ်ဆင့် အတည်ပြု ပေးထားပြီး ဘိုင်ယန်မြူးနစ်ဟာ လီဝမ်ဒေါစကီးကို ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေကြောင်း ဆိုပါတယ်။

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် အရည်အသွေးမြင့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ကြံရွယ်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်ကသာ လီဝမ်ဒေါစကီးကို ရောင်းချရင် သူတို့ဘက်က လီဝမ်ဒေါစကီး အတွက် ကမ်းလှမ်းမှုတွေ ပြုလုပ်နိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူ တဦးက ဖွင့်ဟထားပါတယ်။