ဂျာမန်ဘွန်ဒစ်လီဂါရဲ့ အင်အားအကြီးမားဆုံး ကလပ်အသင်း ဘိုင်ယန်မြူးနစ်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းကို နံပါတ်တစ် ပစ်မှတ်ကစားသမားအဖြစ် သတ်မှတ်ထားနေတယ်လို့ ဂျာမန်နာမည်ကြီး သတင်းစာ Kicker ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : TEAMtalk

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ဟာရီကိန်းဟာ ၂၀၀၄ခုနှစ်ကတည်းက စပါးအသင်းဆီ ရောက်ရှိနေတာဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘောလုံးရာသီမှာပဲ စပါးစီနီယာအသင်းအတွက် ကစားခွင့်ရလာခဲ့ပြီး အခုဆို အသင်းအတွက် ပြိုင်ပွဲစုံ (၃၉၅)ပွဲ ကစားထားနိုင်ခဲ့ပြီး စုစုပေါင်း (၂၅၄)ဂိုးအထိပါ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးမြင့်မားတဲ့ တိုက်စစ်မှူး ကိန်းကို ဥရောပထိပ်တန်း ကလပ်အသင်းတွေများစွာက အလိုရှိနေကြပြီး ဒီအသင်းတွေထဲမှာ အပါအဝင် ဖြစ်နေတဲ့ ဘိုင်ယန်အသင်းကလည်း ကိန်းကို သူတို့အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်ထားလျက် ရှိနေတယ်လို့ Kicker သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Bavarian Football Works

ဒီနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ လီဝန်ဒေါစကီးကို ဆုံးရှံးထားခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်ရဲ့ တိုက်စစ်ကစားသမား ဆာဒီယိုမာနေးကို ပြန်လည် ခေါ်ယူထားခဲ့ပေမယ့် အသင်းဘက်ကတော့ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကိုသာ ဆက်လက် ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ စပါးရဲ့ မရှိမဖြစ် ကစားသမားဖြစ်သူ ကိန်းက အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်သလို အသင်းဘက်က သူ့ကို သက်တမ်း ထပ်တိုးဖို့အထိပါ ပြင်ဆင်နေတာဖြစ်လို့ ဒီလိုအခြေအနေမှာ ကစားသမားရဲ့ စိတ်ဆန္ဒက အရေးပါနေပြီး သူသာ စပါးနဲ့ ဆက်လက် ဖြတ်သန်းသွားချင်နေသေးတယ်ဆိုရင် သက်တမ်းတိုးဖို့က ဖြစ်လာနိုင်ဖွယ် ရှိနိုင်ပေမယ့် ကစားသမားဘဝအတွင်း ဆုဖလား အောင်မြင်မှုတွေအတွက်ပါ အာမခံချက် ရှိလာစေချင်တယ်ဆိုရင်တော့ သက်တမ်းမတိုးတော့ပဲ အသင်းပြောင်းဖို့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကိန်းက စပါးနည်းပြကွန်တီနဲ့ လက်တွဲပြီး စပါးအသင်းမှာ ပျော်ရွှင်လျက် ရှိနေသလို အသင်းအတွက်ကိုသာ အပြည့်အဝ အာရုံစိုက်နေတဲ့အပြင် ဘိုင်ယန်ဘက်ကလည်း ကိန်းကို ခေါ်ယူဖို့ ကိန်းရဲ့အေးဂျင့်တွေနဲ့ အသေအချာ ဆက်သွယ် ဆွေးနွေးတာမျိုးတွေ လုပ်ဆောင်ခြင်း မရှိဘူးလို့ သိရပါတယ်။