ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီနွေမှာပဲ ချယ်လ်ဆီးအသင်းရဲ့ လူငယ် နောက်ခံကစားသမားလေး လီဗိုင်း ကိုဝဲလ်ကို ခေါ်ယူသွားဖို့အတွက် အသေအချာ ပစ်မှတ်ထားလာခဲ့တယ်လို့ Sky Germany ရဲ့ နာမည်ကျော် ဘောလုံးသတင်းထောက် ဖလော်ရီယန် ပလက်တန်ဘာ့ချ်က သတင်းဖော်ပြသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက နွေဈေးကွက်ဖွင့်ချိန်မှာ အသင်းက ခံစစ်မှူးတွေဖြစ်တဲ့ ဒီလစ်နဲ့ အူပါမယ်ကာနိုတို့ကို အသင်းကနေ ရောင်းထုတ်သွားချင်နေပြီး ဒီကစားသမားတွေနေရာအတွက်ကိုလည်း ခံစစ်မှူးအသစ်တွေနဲ့ ပြန်လည် အစားထိုးသွားချင်နေပါတယ်။

Photo Credit : Transfermarket

ဒီအတွက်လည်း ဘိုင်ယန်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်အသင်းရဲ့ ဂျာမနီ နောက်ခံကစားသမား ဂျိုနသန် တက်ချ်ကို စိတ်ဝင်စားလျက် ရှိနေပြီး ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းလျက် ရှိနေသလို ချယ်လ်ဆီးအသင်းရဲ့ အသက် (၂၁)နှစ်အရွယ် နောက်ခံလူ ကိုဝဲလ်ကိုလည်း စိတ်ဝင်တစား ရှိနေပါသေးတယ်။

လက်ရှိ ဘိုင်ယန်နည်းပြ ဗင်းဆင့် ကွန်ပနီကလည်း ကစားသမားဘဝတုန်းက ဗဟိုခံစစ်နေရာမှာ ကစားခဲ့သူဖြစ်လို့ နည်းပြဘဝ ရောက်ရှိလာချိန်မှာ သူကိုင်တွယ်နေတဲ့ အသင်းအတွက် ခံစစ်ပိုင်း အင်အားတောင့်တင်းဖို့ ပိုမို ဦးစားပေးဖွယ် ရှိနေပြီး ဗဟိုခံစစ်ရော ဘယ်ခြမ်းမှာပါ ကစားနိုင်တဲ့ ခံစစ်မှူးလေး ကိုဝဲလ်ကိုလည်း အလွန် စိတ်ဝင်စားလို့နေပါတယ်။

Photo Credit : Fabrizio Romano

အင်္ဂလန် ခံစစ်မှူး ကိုဝဲလ်ဟာ ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၉ခုနှစ်အထိ စာချုပ်သက်တမ်းရှည်ကြီး ရှိနေသူ ဖြစ်သလို ချယ်လ်ဆီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း နည်းပြသစ် အန်ဇို မာရီစကာလက်ထက် ဘယ်နေရာမှာ ကစားခွင့်ရမလဲဆိုတာအပေါ် မူတည်ပြီး သူရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက် ချမှတ်ဖွယ် ရှိလာနိုင်ပါတယ်။

ဒီလို အခြေအနေမှာ ဘိုင်ယန်က ကိုဝဲလ်ကို ခေါ်ယူဖို့အတွက် ကနဦး ဆွေးနွေးမှုတွေ လုပ်ဆောင်ချင်နေပြီး ချယ်လ်ဆီးဘက်ကလည်း ဘိုင်ယန်ခံစစ်မှူး အူပါမယ်ကာနိုကိုပါ စိတ်ဝင်စားနေတဲ့အတွက် အသင်းနှစ်သင်းကြား swap deal transfer လည်း ဖြစ်လာနိုင်ဖို့ ရှိနိုင်ပေမယ့် ချယ်လ်ဆီးအနေနဲ့ကတော့ ကိုဝဲလ်ကို ရောင်းချရမယ်ဆိုရင် ပြောင်းရွှေ့ကြေး အမြောက်အများ တောင်းဆိုလာနိုင်ပါတယ်။