ဘိုင်ယန်မြူးနစ်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အပြောင်းအလဲတွေ လုပ်ဆောင်သွားဖို့အတွက် လီဗာပူးလ်အသင်း ကွင်းလယ်လူ ဖာဘင်ဟိုကို အလိုရှိလာခဲ့ပြီး လက်ရှိမှာ ဖာဘင်ဟိုက ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းဆီ ရောက်ရှိဖို့ ရှိနေတာကြောင့် အယ်လ်အစ်တီဟတ် လက်ထဲကနေ ကြားဖြတ်လုသွားဖွယ် ရှိနေပါတယ်။

Photo Credit : Bayern Strike

ဘိုင်ယန်က အသင်းရဲ့ ကွင်းလယ် ကစားသမားတွေဖြစ်တဲ့ ကင်မစ်ချ် ဂိုဟက်ဇ်ကာ နဲ့ ဆာဘစ်ဇာတို့ကို ရှင်းထုတ်သွားဖို့ ရှိနေပြီး ကွင်းလယ်ပိုင်းကိုလည်း ပြန်လည် ပြင်ဆင်သွားဖို့ ရှိနေတဲ့အတွက် အတွေ့အကြုံကောင်းတွေ ပြည့်ဝနေတဲ့ လီဗာပူးလ်ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ဖာဘင်ဟိုကို ခေါ်ယူချင်လာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အသက် (၂၉)နှစ်အရွယ် ကွင်းလယ်လူက ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ နီးစပ်နေချိန် ဖြစ်နေတာမို့ ဘိုင်ယန်အနေနဲ့ ဆော်ဒီ လက်ထဲကနေ ဖာဘင်ဟိုကို ဖြတ်လုပြီး ကစားသမားကို ဥရောပ ဘောလုံးနယ်ပယ်မှာသာ ဆက်ထိန်းသွားဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။

Photo Credit : Get German Football News

ဘိုင်ယန်က အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဒက်ကလန် ရိုက်စ်ကိုပါ ပစ်မှတ်ထားခဲ့သေးပေမယ့် အာဆင်နယ်အသင်း ကမ်းလှမ်းခဲ့သလိုမျိုး မကမ်းလှမ်းနိုင်တာကြောင့် လက်လျှော့ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ကွင်းလယ် ခံစစ် ကစားသမားဖြစ်သူ ဖာဘင်ဟိုကို ထပ်မံ ပစ်မှတ်ထားလာခဲ့ပြန်ပြီး ဖာဘင်ဟိုကလည်း လီဗာပူးလ်နဲ့ လက်တွဲဖြုတ်ဖို့ ရှိနေတယ် ဆိုပေမယ့် ဆော်ဒီရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံထားတဲ့ အခြေအနေ ဖြစ်နေတာမို့ ကြားဖြတ်လု ခေါ်ယူဖို့ဆိုတာ ခဲယဉ်းနိုင်ပါလိမ့်မယ်။

ဘိုင်ယန်က နည်းပြ သောမတ်စ် တူဟယ်လ်နဲ့ စတင် လက်တွဲပြီးနောက် ဂျာမန် ကစားသမားတွေထက် ပရီးမီးယားလိဂ်က ကစားသမားတွေကိုသာ ပိုမို မျက်စိကျလာခဲ့ပြီး အခုလည်း တော့တင်ဟမ်ဟော့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတုန်း ဖြစ်သလို လီဗာပူးလ် ကွင်းလယ်လူ ဖာဘင်ဟိုကိုပါ ခေါ်ယူချင်လာခဲ့ပါတယ်။