ဘိုင်ယန်မြူးနစ်အသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာကတော့ သူရဲ့အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး သူကိုယ်တိုင်ကလည်း အသင်းနဲ့ လမ်းခွဲဖို့ကို စိတ်အားထက်သန်နေတာကြောင့် သူ့ကို လီဗာပူးလ်အသင်းကနေ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့သလို ဒီနောက်ပိုင်းမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းပါ လီဗာပူးလ်နဲ့အပြိုင် ပစ်မှတ်ထားလာခဲ့ပေမယ့်လည်း သီယာဂိုကတော့ အင်တာဗျူးတစ်ခုမှာ ဘိုင်ယန်အသင်းမှာပဲ ပျော်ရွှင်နေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ် စပိန်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား သီယာဂိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘိုင်ယန်အသင်းနဲ့ ဆုဖလား(၃)လုံးကို ပိုင်ဆိုင်ခဲ့သူဖြစ်ပေမယ့် အသင်းနဲ့က စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်ရှိတော့ဖြစ်ပြီး ဘိုင်ယန်ဘက်ကနေ သီယာဂိုကို သက်တမ်းတိုးချင်နေပေမယ့် သီယာဂိုကတော့ သူရဲ့ဘောလုံးသမားဘဝ အကောင်းဆုံးအချိန်မှာ နောက်ထပ်ထိပ်တန်းအသင်းတစ်သင်းဆီကို ပြောင်းရွှေ့ချင်နေတာဖြစ်လို့ သူ့ကို ထိပ်သီးအသင်းတွေကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလို အနာဂတ်လှုပ်ခတ်လျက်ရှိနေတဲ့ သိယာဂိုဟာ မနေ့ညကတော့ စပိန်လက်ရွေးစင်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်အဖြစ် ဂျာမနီလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် အင်တာဗျူးအစီအစဉ်တစ်ခုမှာ အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းလာခဲ့ရာ သီယာဂိုက “ကျွန်တော်အနေနဲ့ အခုအချိန်မှာ လာမယ့်ယူကရိန်းနဲ့ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ ဒီပွဲပြီးသွားမှ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရတာပေါ့။ ဘိုင်ယန်ကတော့ ကျွန်တော်ရဲ့အိမ်လိုပါပဲ။ ကျွန်တော်အဲ့ဒီမှာ ရှိနေရတာ ပျော်ရွှင်တယ်” လို့ ဖြေဆိုသွားခဲ့ပါတယ်။ သီယာဂိုရဲ့ဖြေဆိုချက်က သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သေသေချာချာ မဆုံးဖြတ်ရသေးတဲ့ သဘောကို သက်ရောက်နေနိုင်ဖွယ်ရှိကာ စပိန်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေကို ပါဝင်ဆင်နွဲပြီးမှသာ သူရဲ့အနာဂတ်ကို သေချာအောင် ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။ လတ်တလောမှာတော့ သီယာဂိုကို ပရီးမီးယားလိဂ် ထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ကနေ အပြိုင်ကမ်းလှမ်းနေတာဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ယာဂင်ကလော့နဲ့ လက်တွဲချင်နေတာကြောင့်မို့ ယူနိုုက်တက်ထက် လီဗာပူးလ်အသင်းကိုသာ ရွေးချယ်ဖို့ ရာခိုင်နှုန်းပိုများလို့နေပါတယ်။