မန်ချက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ကယ်လ်ဗင် ဖီးလစ်ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ ဂျာမန် အင်အားကြီး ကလပ်အသင်း ဘိုင်ယန်မြူးနစ်ပါ ပါဝင်လာခဲ့တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လာမယ့် ဆောင်းဈေးကွက်မှာ အသင်း ကွင်းလယ်ပိုင်းကို အင်အား ထပ်မံ ဖြည့်တင်းသွားဖို့ ရှိနေတဲ့ ဘိုင်ယန်က မန်စီးတီးနဲ့ လမ်းခွဲရဖွယ် ရှိနေတဲ့ ဖီးလစ်ကို သူတို့အသင်းရဲ့ shortlist ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit : Clutch Points

ဘိုင်ယန်က ဒီနှစ်နွေရဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ဖူလ်ဟမ် ကွင်းလယ်လူ ပါလင်ညာကို ခေါ်ယူဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပေမယ့်လည်း ဈေးကွက် နောက်ဆုံးနေ့မှာမှ အပြောင်းအရွှေ့အတွက် စာရွှက်စာတမ်းတွေကို အချိန်မီ မပို့ဆောင်နိုင်လို့ ဒီအပြောင်းအရွှေ့က ပျက်သွားခဲ့ရပါတယ်။

ဒီလို နွေမှာ မခေါ်ယူနိုင်ခဲ့တဲ့ ပါလင်ညာကို ဆောင်းဈေးကွက်မှ ထပ်မံ ကြိုးပမ်းဖို့ စီစဉ်ထားခဲ့ပေမယ့်လည်း ပါလင်ညာက ဖူလ်ဟမ်နဲ့ပါ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီဖြစ်လို့ ပါလင်ညာကို ခေါ်ယူဖို့ ခဲယဉ်းသွားခဲ့ပြီး နောက်ထပ် ကွင်းလယ် options တွေကိုသာ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Soccer Betting News

အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမား ဖီးလစ်ဟာ ၂၀၂၂ခုနှစ်ကမှ လိဒ်စ်ကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာခဲ့ပေမယ့် စီးတီးမှာ ပုံမှန် ပွဲကစားခွင့် ရရှိဖို့ ရုန်းကန်နေရပြီး ဒီရာသီမှာလည်း မန်စီးတီးအတွက် ပြိုင်ပွဲစုံ (၅)ပွဲသာ ကစားထားရသလို အဲ့ဒီ (၅)ပွဲမှာ လိဂ်ဖလား (၁)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဖီးလစ်အနေနဲ့ ပုံမှန် ကစားခွင့်တွေ ရရှိဖို့အတွက် မန်စီးတီးကနေ ထွက်ခွာချင်လာပြီ ဇန်နဝါရီ အပြောင်းအရွှေ့မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတာကြောင့် ဒါကို ဘိုင်ယန်ဘက်က အသုံးချသွားဖို့ ရှိနေပါတယ်။ ဒါပေမယ့် ဘိုင်ယန်က ဖီးလစ်ကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့အပြိုင် ကြိုးပမ်းရဖွယ် ရှိနိုင်ပါတယ်။